စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရက် ၂၀ကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးများပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်နေ့ကစပြီး မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ဘုတလင်မြို့နယ်အတွင်း စက်တင်ဘာလ ၈ရက်နေ့အထိ စစ်ကြောင်းဝင်ရောက်ခဲ့ပြီးနောက် တော်လှန်ရေးတပ်ပေါင်းစုစစ်ကြောင်းကြောင့် ပြန်လည်ဆုတ်ခွာသွားရတယ်လို့ သိရပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ဘုတလင်မြို့နယ်ကတဆင့် ရေဦးမြို့အထိ သွားရောက်ဖို့ရှိရာမှာ တော်လှန်ရေးတပ်တွေက ဖြတ်တောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
“စစ်ရေးအရ သူတို့(စကမ) က နမခကနေ ဘုတလင်၊ ဘုတလင်ကနေမှ ဒီပဲယင်း ရေဦးဘက်သွားဖို့ သိရတယ်ပေါ့။ ဒါပေမယ့်အထိခိုက် အသေဆုံးများပြီး ပြန်ခေါက်သွားတယ်။ ဘယ်အချိန်မှ ပြန်ရောက်လာမလဲတော့ မသိပါဘူး” လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက မောင်းကိုပြောပါတယ်။
စစ်ကြောင်းစတင်ဝင်ရောက်လာတဲ့ သြဂုတ်လ ၂၀ရက် မနက်ပိုင်းမှာ ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာအနီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့သလို သြဂုတ်လ ၂၃နဲ့ ၂၄ရက်နေ့တွေမှာလည်း ထွေအုပ်ရုံးထဲ တပ်စွဲထားတဲ့ စစ်အုပ်စုတွေရှိရာကို ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် သြဂုတ်လ ၂၆ ရက်နေ့မှာ ပဲပြစ်တော(ရ)ရွာနဲ့ ၃၁ရက်နေ့မှာ ကံသာနဲ့ ကုန်းသာရွာ တွေနားအထိ တွေ့တိုက်ပွဲတွေ ရှိခဲ့တယ်လို့ ကိုကြွက်ကလေးက ပြောပါတယ်။
အဲ့ဒီနောက် စက်တင်ဘာလ ၃ရက် ညနေပိုင်းမှာလည်း ရွှေတောင်ရွာ ဘုန်းကြီးကျောင်းနား တပ်စွဲထားတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်တင်ဘာလ ၈ရက်နေ့ နေ့လယ်ဘက်မှာလည်း ဥက္ကာမင်းသစ် ဆီဆိုင်အနီး ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဲ့ဒီတိုက်ပွဲမှာ ဘုတလင်တပ်ပေါင်းစု စစ်ကြောင်းက ရန်သူ စကမတပ်ထံကနေ MA-1 သေနတ် ၁လက်နဲ့ MA-11 သေနတ်၁လက်၊ အီကွေ့မန့်၊ ကျည်ကာ၊ ကျည်ကာဦးထုပ်နဲ့ ဆက်စပ်ခဲယမ်းတွေရရှိခဲ့တယ်လို့ ကိုကြွက်ကလေးကပြောပါတယ်။
စစ်အုပ်စုဝင်ရောက်ခဲ့စဥ် လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။
ရက်၂၀ ကြာ ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက် စစ်ကြောင်းဟာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ ထိတွေ့မှုတိုက်ပွဲအတွင်း အယောက် ၃၀ ကျော်သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စက်တင်ဘာလ ၈ရက်နေ့မှာပဲ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။
ဘုတလင်မြို့နယ်အတွင်း အထိနာခဲ့သည့် အကြမ်းဖက်စစ်ကြောင်း ဆုတ်ခွာပြီးနောက် တွေ့ရသည့် မြင်ကွင်း (ဓာတ်ပုံ လူမှုကွန်ရက်)