ပေါက်ကိုယ်တော်လို့ လူသိကြတဲ့ စစ်တပ်လက်အောက်ခံ သင်္ကန်းဝတ် ပျူခေါင်းဆောင်ဟာ ထိုင်းနိုင်ငံကို သွားရောက်ပြီး ထိုင်းမျိုးချစ် နှုတ်ခမ်းမွှေးလို့ ခေါ်ကြတဲ့ ဆုန်ချိုင်နီ (ယမ်) ဟုမ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သူ့ရဲ့ တစ်တော့မှာ အသိပေးဖော်ပြထားပါတယ်။
ပြည်သူ့ထောက်ပံ့ကူညီရေးအဖွဲ့ (PST Network) ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ထိုင်းရောက်မြန်မာ ကိုစည်သူကို ရှာဖို့အတွက် နှုတ်ခမ်းမွှေးနဲ့ သွားတွေ့တာဖြစ်တယ်လို့ ပေါက်ကိုယ်တော်က ဆိုပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကိုစည်သူနဲ့ စစ်တပ်လက်ပါးစေ ပေါက်ကိုယ်တော်တို့ လူမှုကွန်ရက်မှာ ပြဿနာဖြစ်ပြီးတဲ့အနောက် အခုလို လိုက်လံရှာဖွေနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်နဲ့ ထိုင်းအမျိုးသားရေးအစွန်းရောက် နှုတ်ခမ်းမွှေးတို့ တွေ့ဆုံမှုအတွင်း နှုတ်ခမ်းမွှေးက သူတို့အနေနဲ့ မကောင်းတဲ့ (မကောင်းဘူးလို့ သူတို့ယူဆတဲ့) မြန်မာနိုင်ငံသားတွေကို ပြန်ပို့နေပေးနေရာ မြန်မာဘက်က အရေးယူခြင်းမရှိတာကြောင့် ထိုင်းဘက်ကို ပြန်ဝင်လာကြတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပေးထားဖို့ စစ်တပ်ကို ပြောပေးထားမယ့်အကြောင်း ပေါက်ကိုယ်တော်က တုန့်ပြန်ခဲ့ပါတယ်။
“မြန်မာပြည်ရောက်လို့ရှိရင် ထိရောက်စွာ ပြောပေးမယ်။ ထိုင်းမှာ မျိုးချစ်ပုဂ္ဂိုလ်တွေက မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို နှိမ်နင်းတာမဟုတ်ဘူး။ မကောင်းတဲ့ မြန်မာနိုင်ငံသားတွေ.. ဥပမာဆိုကြပါစို့.. ကိုယ့်မြန်မာနိုင်ငံအချင်းချင်း ခေါင်းပုံဖြတ် လူပါးဝ အလှူမခံလို့ရှိရင် ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်တဲ့လူတွေကို ထိုင်းကနေ နှိမ်နင်းပြီးမှ မြန်မာပြည်ကို ပြန်ပို့လိုက်တဲ့အခါမှာ ထိရောက်စွာ အရေးယူပေးဖို့အတွက် နိုင်ငံတော်အကြီးအကဲတွေကို ပြောပေးမယ်” လို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ဆိုပါတယ်။
သူတို့နှစ်ယောက် တွေ့ဆုံမှုမှာ တစ်ယောက်ရဲ့လုပ်ဆောင်ချက်ကို တစ်ယောက်က ထောက်ခံနေကြတာပါ။ ဒီတွေ့ဆုံမှုဟာ ထိုင်းရောက် တော်လှန်ရေးထောက်ပို့ မြန်မာတွေအတွက် အန္တရာယ်ဖြစ်လာနိုင်ကြောင်းလည်း သတိပေးမှုတွေ ရှိနေပါတယ်။