အိန္ဒိယ အာဏာပိုင်တွေဟာ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အသက်ကယ်အင်္ကျီတွေပေးပြီး မြန်မာပိုင်နက်အနီး ပင်လယ်ထဲကို ရေတပ်သင်္ဘောပေါ်ကနေ ပစ်ချခဲ့တယ်လို့ ကုလသမဂ္ဂ အေဂျင်စီ၊ ဒုက္ခသည်တွေရဲ့ မိသားစုဝင်တွေနဲ့ သူတို့ရဲ့ ရှေ့နေတွေက ပြောကြားခဲ့ကြောင်း AP သတင်းက ဖော်ပြပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်တစ်ခုမှာ ရိုဟင်ဂျာ ၄၀ ထက်မနည်းကို နယူးဒေလီမှာ ထိန်းသိမ်းထားပြီးနောက် အိန္ဒိယရေတပ်က မြန်မာနဲ့ ရေပိုင်နက်အနီး ပင်လယ်ထဲကို ပစ်ချခဲ့ကြောင်း ဆိုထားပါတယ်။ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒုက္ခသည်တွေဟာ ကမ်းပေါ်ကို ကူးသွားခဲ့ပေမယ့် မြန်မာပြည်က ဘယ်နေရာမှာ ရှိနေမှန်းမသိရသေးဘူးလို့ ကုလအေဂျင်စီက ပြောပါတယ်။

အိန္ဒိယအာဏာပိုင်တွေ ဖမ်းဆီးထားတဲ့အထဲ တချို့သူတွေဟာ သူတို့ မိသားစုဝင်တွေဖြစ်ကြောင်း ရိုဟင်ဂျာဒုက္ခသည် ၅ ယောက်က AP ကို သောကြာနေ့မှာ အတည်ပြုပြောဆိုပါတယ်။ ခရစ်ယာန်ဘာသာဝင် ၁၅ ယောက် အပါအဝင် သူတို့အဖွဲ့ကို လေယာဉ်နဲ့ သယ်ဆောင်ခဲ့ပြီးတဲ့နောက် မေလ ၈ ရက်နေ့မှာ အိန္ဒိယရေတပ်အာဏာပိုင်တွေက ပင်လယ်ထဲ ပစ်ချခဲ့ကြောင်း သူတို့က ဆိုပါတယ်။

ဒုက္ခသည်တွေရဲ့ ကိုယ်စားပြုရှေ့နေ Dilawar Hussain က မိသားစုတွေဟာ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းတရားရုံးမှာ အသနားခံစာ တင်သွင်းခဲ့ပြီး သူတို့ကို နယူးဒေလီပြန်ပို့ပေးဖို့ အိန္ဒိယအစိုးရကို တောင်းဆိုခဲ့ကြောင်း ပြောပါတယ်။

ဒီကိစ္စအပေါ် အိန္ဒိယရေတပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ AP က ဆိုပါတယ်။

လူ့အခွင့်အရေးရုံးက ဒါဟာ “အသိစိတ်မရှိတဲ့၊ လက်မခံနိုင်စရာ လုပ်ရပ်တွေပဲ” လို့ ဆိုထားပြီး ဒီအပေါ် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက် ခန့်ထားတယ်လို့ ကြာသပတေးနေ့ထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။ ဒါ့အပြင် “ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံက အန္တရာယ်ရှိတဲ့ အခြေအနေတွေထဲ ပြန်ပို့တာအပါအဝင် လူမဆန်စွာနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ ဆက်ဆံမှုမျိုးတွေ ရှောင်ရှားဖို့” ကုလသမဂ္ဂအေဂျင်စီက အိန္ဒိယအစိုးရကို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဒီဖြစ်ရပ်ဟာ “နိုင်ငံတကာ အကာအကွယ် လိုအပ်သူတွေရဲ့ အသက်နဲ့ လုံခြုံမှုကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုတာဖြစ်ပြီး” “အတော်လေး ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်တယ်” လို့ ဝေဖန်ပါတယ်။

အိန္ဒိယမှာ ဒုက္ခသည်တွေကို ကိုယ်တွယ်ဖြေရှင်းဖို့ အမျိုးသားရေး မူဝါဒတစ်ရပ်မရှိသလို ဥပဒေလည်းမရှိတဲ့အပြင် ၁၉၅၁ ဒုက္ခသည်စာချုပ်ကိုလည်း လက်မှတ်မထိုးထားပါဘူး။

ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွင်း သိန်းနဲ့ချီတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှာ အိန္ဒိယနိုင်ငံထဲလည်း ဝင်ရောက်ခိုလှုံခဲ့ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်အဖွဲ့ရဲ့ အဆိုအရ အိန္ဒိယနိုင်ငံမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၄၀,၀၀၀ ခန့်အနက် အနည်းဆုံး ၂၂,၅၀၀ ဟာ UNHCR မှာ မှတ်ပုံတင်ထားကြောင်း သိရပါတယ်။

ဘေးကင်းရေး စိုးရိမ်မှုတွေကြောင့် AP က အမည်မဖော်ပြထားတဲ့ ဒုက္ခသည်တစ်ယောက်က သူ့ရဲ့ အကိုဟာ ပြန်လာတဲ့သူတွေထဲပါဝင်ကြောင်း၊ သူ့အကိုဟာ မြန်မာပြည်က ကျွန်းတကျွန်းရောက်တော့ ဒေသခံတံငါသည်တစ်ယောက်ဆီကနေ ဖုန်းငှားပြီး မေလ ၈ ရက်နေ့မှာ သူ့ဆီဖုန်းဆက်ခဲ့ကြောင်း AP ကို ပြောပါတယ်။

ပုံစာ – လုံခြုံရေးအရ အမည်မဖော်လိုသည့် ရိုဟင်ဂျာဒုက္ခသည် တစ်ဦးက သူ့မိသားစု မြန်မာနိုင်ငံရှိ ကျွန်းတစ်ကျွန်းပေါ် ပြန်ပို့ခံရပုံကို ရှင်းပြနေစဉ်
News/Photo – AP

အိန္ဒိယ အာဏာပိုင်တွေဟာ သူတို့ကို ချုပ်နှောင်ထားတာ၊ မျက်လုံးပိတ်ထားတာတွေကို ဖယ်ရှားခဲ့ပြီးနောက် အသက်ကယ်အင်္ကျီတွေပေးကာ မြန်မာပိုင်နက်ထဲက ကျွန်းတစ်ကျွန်းကို ရေကူးသွားခိုင်းခဲ့ကြောင်း သူက ပြောပါတယ်။

ဒီအပေါ် စစ်ကောင်စီ ပြောခွင့်ရ သက်ဆွေကို မှတ်ချက်ပေးဖို့တောင်းဆိုရာမှာလည်း ချက်ချင်းတုံ့ပြန်တာမရှိသေးဘူးလို့ AP က ဖော်ပြပါတယ်။

ပြန်လာသူအများဟာ အိန္ဒိယ UNHCR ရုံးမှာ မှတ်ပုံထားပြီးဖြစ်ပြီး သူတို့ရဲ့ ဇီဝအချက်အလက်တွေ စုဆောင်းရာကနေ အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာလို့ အိန္ဒိယက ဒုက္ခသည်တွေက ဆိုပါတယ်။

ဒုက္ခသည်တစ်ယောက်က နယူးဒေလီမှာရှိတဲ့ သူ့အကိုထံခေါ်ဆိုတဲ့ နောက်ထပ် ဖုန်းကောလ်တစ်ခုကိုလည်း AP က ကြည့်ရှုခွင့်ရရှိခဲ့ကြောင်း၊ အဲဒီအဖွဲ့ထဲက လူတချို့ကို အိန္ဒိယရေတပ်အာဏာပိုင်တွေက ရိုက်နှက်ခဲ့ကြောင်း ကြားသိရတယ်လို့ ဖုန်းခေါ်ဆိုသူက ပြောဆိုကြောင်း သိရပါတယ်။ ဒါပေမယ့် ဒီကိစ္စကို သီးခြားအတည်ပြုဖို့ မဖြစ်နိုင်ကြောင်း AP က ဖော်ပြပါတယ်။

မကြာသေးမီနှစ်တွေအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ကို အိန္ဒိယက နှင်ထုတ်ချင်တဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီအဖွဲ့တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့အတော်များများ အိန္ဒိယနိုင်ငံတဝှမ်းက အကျဉ်းစခန်းအသီးသီး ရောက်ရှိခဲ့ကြပြီး တရားမဝင် ရွှေ့ပြောင်းသူတွေအဖြစ် ရှုမြင်ကာ အချို့ကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေဆီ ပြန်ပို့ခဲ့ပါတယ်။

မနှစ်တုန်းကလည်း ၀န်ကြီးချုပ် Narendra Modi အစိုးရဟာ အငြင်းပွားဖွယ် နိုင်ငံသားဖြစ်ခွင့်ဥပဒေတရပ် ပြဌာန်းခဲ့ပြီး ရိုဟင်ဂျာတွေအပါအဝင် မွတ်စလင် ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ခွဲခြားဆက်ဆံထားတယ်လို့ ဝေဖန်သူတွေက ပြောကြဆိုခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

Mytel ရဲ့ အက်ပလီကေးရှင်းနဲ့ ဆိုရှယ်ပလက်ဖောင်း အသီးသီးမှာ လည်ပတ်နေတာတွေကို ဖြုတ်ချပေးဖို့ Burma Campaign UK က တောင်းဆို

မြန်မာစစ်တပ်ပိုင် Mytel  ရဲ့ အက်ပလီကေးရှင်းနဲ့ ဆိုရှယ်ပလက်ဖောင်းအသီးသီးက လည်ပတ်နေတဲ့ ချန်နယ်တွေကို ဖြုတ်ချပေးဖို့ Burma Campaign UK အမေရိကန်နည်းပညာ ကုမ္ပဏီတွေကို  တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ကုလ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးမှာ တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကိစ္စ တိုးမြှင့်လုပ်ဆောင်ရေးအတွက် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရာ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ပါဝင်ဆွေးနွေးခဲ့

၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးမှာ တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကိစ္စ တိုးမြှင့်လုပ်ဆောင်ရေးတို့အတွက် စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၅ ရက် အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ ဂမ်ဘီယာတရားရေးဝန်ကြီး၊ အမေရိကန် Global Criminal Justice ကမ္ဘာလုံးဆိုင်ရာသံအမတ်ကြီးနဲ့ IIMM အကြီးအကဲတို့ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဘန်ကောက်ကို ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အင်တာပိုအား NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာန တိုက်တွန်း

ဘန်ကောက်ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့အတွက်  နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ရဲအဖွဲ့ (အင်တာပို) အတွင်းရေးမှူးချုပ်ရုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့  ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက စာပေးပို့လိုက်ပါတယ်။
Read More

ဂျပန်နိုင်ငံ နာဂိုရာမြို့မှာ နွေဦးပွဲတော်နှင့် ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဆုတောင်းပွဲ ပြုလုပ်

ဂျပန်နိုင်ငံ၊ နာဂိုရာမြို့မှာ နွေဦးပွဲတော်ကျင်းပပြုလုပ်ရာမှာ ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် ဆုတောင်းပွဲကိုပါ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TPS ရုပ်သိမ်းမှု အမေရိကန်ရောက် မြန်မာ ၄,၀၀၀ နီးပါးအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိ၊ လုံခြုံရေးအခြေအနေအပေါ် မှားယွင်းစွာ အကဲဖြတ်ခြင်းဟုဆိုကာ HRW ပြင်းပြင်းထန်ထန် ကန့်ကွက်

အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ ယာယီ ကာကွယ်ပေးထားတဲ့ အခြေအနေ (TPS) ကို ရုပ်သိမ်းလိုက်ကြောင်း မနေ့က နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကြေညာလာခဲ့ပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း စာထုတ်ပေးရန် ဂျပန်နိုင်ငံထံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တောင်းဆို

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ရှင်းရှင်းလင်းလင်းအသိအမှတ်မပြုဘူးဆိုတဲ့အကြောင်း စာထုတ်ပေးဖို့အတွက် ဂျပန်နိုင်ငံထံ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်ပါတယ်။