အိန္ဒိယ အာဏာပိုင်တွေဟာ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အသက်ကယ်အင်္ကျီတွေပေးပြီး မြန်မာပိုင်နက်အနီး ပင်လယ်ထဲကို ရေတပ်သင်္ဘောပေါ်ကနေ ပစ်ချခဲ့တယ်လို့ ကုလသမဂ္ဂ အေဂျင်စီ၊ ဒုက္ခသည်တွေရဲ့ မိသားစုဝင်တွေနဲ့ သူတို့ရဲ့ ရှေ့နေတွေက ပြောကြားခဲ့ကြောင်း AP သတင်းက ဖော်ပြပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်တစ်ခုမှာ ရိုဟင်ဂျာ ၄၀ ထက်မနည်းကို နယူးဒေလီမှာ ထိန်းသိမ်းထားပြီးနောက် အိန္ဒိယရေတပ်က မြန်မာနဲ့ ရေပိုင်နက်အနီး ပင်လယ်ထဲကို ပစ်ချခဲ့ကြောင်း ဆိုထားပါတယ်။ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒုက္ခသည်တွေဟာ ကမ်းပေါ်ကို ကူးသွားခဲ့ပေမယ့် မြန်မာပြည်က ဘယ်နေရာမှာ ရှိနေမှန်းမသိရသေးဘူးလို့ ကုလအေဂျင်စီက ပြောပါတယ်။

အိန္ဒိယအာဏာပိုင်တွေ ဖမ်းဆီးထားတဲ့အထဲ တချို့သူတွေဟာ သူတို့ မိသားစုဝင်တွေဖြစ်ကြောင်း ရိုဟင်ဂျာဒုက္ခသည် ၅ ယောက်က AP ကို သောကြာနေ့မှာ အတည်ပြုပြောဆိုပါတယ်။ ခရစ်ယာန်ဘာသာဝင် ၁၅ ယောက် အပါအဝင် သူတို့အဖွဲ့ကို လေယာဉ်နဲ့ သယ်ဆောင်ခဲ့ပြီးတဲ့နောက် မေလ ၈ ရက်နေ့မှာ အိန္ဒိယရေတပ်အာဏာပိုင်တွေက ပင်လယ်ထဲ ပစ်ချခဲ့ကြောင်း သူတို့က ဆိုပါတယ်။

ဒုက္ခသည်တွေရဲ့ ကိုယ်စားပြုရှေ့နေ Dilawar Hussain က မိသားစုတွေဟာ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းတရားရုံးမှာ အသနားခံစာ တင်သွင်းခဲ့ပြီး သူတို့ကို နယူးဒေလီပြန်ပို့ပေးဖို့ အိန္ဒိယအစိုးရကို တောင်းဆိုခဲ့ကြောင်း ပြောပါတယ်။

ဒီကိစ္စအပေါ် အိန္ဒိယရေတပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ AP က ဆိုပါတယ်။

လူ့အခွင့်အရေးရုံးက ဒါဟာ “အသိစိတ်မရှိတဲ့၊ လက်မခံနိုင်စရာ လုပ်ရပ်တွေပဲ” လို့ ဆိုထားပြီး ဒီအပေါ် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက် ခန့်ထားတယ်လို့ ကြာသပတေးနေ့ထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။ ဒါ့အပြင် “ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံက အန္တရာယ်ရှိတဲ့ အခြေအနေတွေထဲ ပြန်ပို့တာအပါအဝင် လူမဆန်စွာနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ ဆက်ဆံမှုမျိုးတွေ ရှောင်ရှားဖို့” ကုလသမဂ္ဂအေဂျင်စီက အိန္ဒိယအစိုးရကို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဒီဖြစ်ရပ်ဟာ “နိုင်ငံတကာ အကာအကွယ် လိုအပ်သူတွေရဲ့ အသက်နဲ့ လုံခြုံမှုကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုတာဖြစ်ပြီး” “အတော်လေး ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်တယ်” လို့ ဝေဖန်ပါတယ်။

အိန္ဒိယမှာ ဒုက္ခသည်တွေကို ကိုယ်တွယ်ဖြေရှင်းဖို့ အမျိုးသားရေး မူဝါဒတစ်ရပ်မရှိသလို ဥပဒေလည်းမရှိတဲ့အပြင် ၁၉၅၁ ဒုက္ခသည်စာချုပ်ကိုလည်း လက်မှတ်မထိုးထားပါဘူး။

ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွင်း သိန်းနဲ့ချီတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှာ အိန္ဒိယနိုင်ငံထဲလည်း ဝင်ရောက်ခိုလှုံခဲ့ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်အဖွဲ့ရဲ့ အဆိုအရ အိန္ဒိယနိုင်ငံမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၄၀,၀၀၀ ခန့်အနက် အနည်းဆုံး ၂၂,၅၀၀ ဟာ UNHCR မှာ မှတ်ပုံတင်ထားကြောင်း သိရပါတယ်။

ဘေးကင်းရေး စိုးရိမ်မှုတွေကြောင့် AP က အမည်မဖော်ပြထားတဲ့ ဒုက္ခသည်တစ်ယောက်က သူ့ရဲ့ အကိုဟာ ပြန်လာတဲ့သူတွေထဲပါဝင်ကြောင်း၊ သူ့အကိုဟာ မြန်မာပြည်က ကျွန်းတကျွန်းရောက်တော့ ဒေသခံတံငါသည်တစ်ယောက်ဆီကနေ ဖုန်းငှားပြီး မေလ ၈ ရက်နေ့မှာ သူ့ဆီဖုန်းဆက်ခဲ့ကြောင်း AP ကို ပြောပါတယ်။

ပုံစာ – လုံခြုံရေးအရ အမည်မဖော်လိုသည့် ရိုဟင်ဂျာဒုက္ခသည် တစ်ဦးက သူ့မိသားစု မြန်မာနိုင်ငံရှိ ကျွန်းတစ်ကျွန်းပေါ် ပြန်ပို့ခံရပုံကို ရှင်းပြနေစဉ်
News/Photo – AP

အိန္ဒိယ အာဏာပိုင်တွေဟာ သူတို့ကို ချုပ်နှောင်ထားတာ၊ မျက်လုံးပိတ်ထားတာတွေကို ဖယ်ရှားခဲ့ပြီးနောက် အသက်ကယ်အင်္ကျီတွေပေးကာ မြန်မာပိုင်နက်ထဲက ကျွန်းတစ်ကျွန်းကို ရေကူးသွားခိုင်းခဲ့ကြောင်း သူက ပြောပါတယ်။

ဒီအပေါ် စစ်ကောင်စီ ပြောခွင့်ရ သက်ဆွေကို မှတ်ချက်ပေးဖို့တောင်းဆိုရာမှာလည်း ချက်ချင်းတုံ့ပြန်တာမရှိသေးဘူးလို့ AP က ဖော်ပြပါတယ်။

ပြန်လာသူအများဟာ အိန္ဒိယ UNHCR ရုံးမှာ မှတ်ပုံထားပြီးဖြစ်ပြီး သူတို့ရဲ့ ဇီဝအချက်အလက်တွေ စုဆောင်းရာကနေ အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာလို့ အိန္ဒိယက ဒုက္ခသည်တွေက ဆိုပါတယ်။

ဒုက္ခသည်တစ်ယောက်က နယူးဒေလီမှာရှိတဲ့ သူ့အကိုထံခေါ်ဆိုတဲ့ နောက်ထပ် ဖုန်းကောလ်တစ်ခုကိုလည်း AP က ကြည့်ရှုခွင့်ရရှိခဲ့ကြောင်း၊ အဲဒီအဖွဲ့ထဲက လူတချို့ကို အိန္ဒိယရေတပ်အာဏာပိုင်တွေက ရိုက်နှက်ခဲ့ကြောင်း ကြားသိရတယ်လို့ ဖုန်းခေါ်ဆိုသူက ပြောဆိုကြောင်း သိရပါတယ်။ ဒါပေမယ့် ဒီကိစ္စကို သီးခြားအတည်ပြုဖို့ မဖြစ်နိုင်ကြောင်း AP က ဖော်ပြပါတယ်။

မကြာသေးမီနှစ်တွေအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ကို အိန္ဒိယက နှင်ထုတ်ချင်တဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီအဖွဲ့တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့အတော်များများ အိန္ဒိယနိုင်ငံတဝှမ်းက အကျဉ်းစခန်းအသီးသီး ရောက်ရှိခဲ့ကြပြီး တရားမဝင် ရွှေ့ပြောင်းသူတွေအဖြစ် ရှုမြင်ကာ အချို့ကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေဆီ ပြန်ပို့ခဲ့ပါတယ်။

မနှစ်တုန်းကလည်း ၀န်ကြီးချုပ် Narendra Modi အစိုးရဟာ အငြင်းပွားဖွယ် နိုင်ငံသားဖြစ်ခွင့်ဥပဒေတရပ် ပြဌာန်းခဲ့ပြီး ရိုဟင်ဂျာတွေအပါအဝင် မွတ်စလင် ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ခွဲခြားဆက်ဆံထားတယ်လို့ ဝေဖန်သူတွေက ပြောကြဆိုခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတကာဖိအားများကြောင့် မတတ်သာတော့ဘဲ မြန်မာစစ်အုပ်စု ကျားဖြန့်နှိမ်နင်း‌ရေးကို အလျင်စလို လုပ်ဆောင်ခဲ့ရ

ပြီးခဲ့တဲ့အပတ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ရဲ့ဘားအံမြို့ခရီးစဉ် နောက်တရက်မှာ စစ်တပ်အရာရှိတွေက သြဇာကြီးမားတဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တခုက အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်က တိုးချဲ့လာနေတဲ့ ငွေလိမ်ဂိုဏ်းတွေကို ချက်ချင်း နှိမ်နင်းဖို့ အမိန့်ပေးခဲ့တယ်လို့ သတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။ နယ်စပ်တလျှောက်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ မြန်မာနဲ့ ကမ္ဘောဒီးယားအပါအဝင် အရှေ့တောင်အာရှက ရာဇဝတ်ဂိုဏ်းကွန်ရက်တွေရဲ့ တစိတ်တပိုင်းဖြစ်ပြီး လူကုန်ကူးခံရသူတွေကို အသုံးချပြီး ကမ္ဘာတဝန်းကလူတွေကို လိမ်လည်ကာ နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာ ဝင်ငွေရရှိနေပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ထိုင်းနိုင်ငံမှ ၁၅ ဦးသေဆုံးပြီး ထိုင်းပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင်နေရ

ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အကြား ဒုတိယနေ့အဖြစ် နယ်စပ်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ ထိုင်းနိုင်ငံက ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရက ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

မြန်မာပြည်က လိမ်လည်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ဒေါ်လာ ၃၀,၀၀၀ ဖြင့် ပြန်ရွေးခဲ့ရ

မြန်မာနိုင်ငံက လိမ်လည်လုပ်ငန်းတစ်ခုကနေ ဟောင်ကောင်နိုင်ငံသားတစ်ယောက် ဘေးကင်းစွာ အိမ်ပြန်နိုင်ခဲ့ပြီး အသက်ပြန်လျက် ပြန်လာနိုင်စေရေးအတွက် မိသားစုက ပြန်ပေးငွေများစွာ ပေးခဲ့ရကြောင်း သူတို့ကို ကူညီခဲ့တဲ့ ခရိုင်ကောင်စီဝင်ဟောင်းတစ်ယောက်က ပြောဆိုခဲ့တယ်လို့ South China Morning Post က ရေးထားပါတယ်။ 
Read More

အစ္စရေး-အီရန်ပဋိပက္ခအရေး EU ခေါင်းဆောင်များနှင့် အီရန်ဆွေးနွေးမည်၊ အီရန်နျူကလီးယားစခန်းကို တိုက်ခိုက်ဖို့ စဉ်းစားနေသည်ဟု ထရမ့်ပြော

အစ္စရေး-အီရန်ပဋိပက္ခအရေး အဆုံးသတ်ဖို့ ကြိုးပမ်းချက်အနေနဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမန်နဲ့ EU ခေါင်းဆောင်တွေဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နဲ့ သောကြာနေ့ ဂျနီဗာမြို့မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။ 
Read More

အစားအသောက် မကောင်းလို့ဆိုပြီး စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီးတဦး မလေးရှားတွင် ဓားထိုးသတ်ခံရ၊ သံသယတရားခံအဖြစ် မြန်မာ ၃ ဦး အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ Lorong Bukit Juru က ထိုင်းစားသောက်ဆိုင်တခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ညက အစားအသောက်မကောင်းလို့ဆိုပြီး အချင်းချင်း စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီး စားဖိုမှူးတယောက် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း မလေးရှားသတင်း Bernama မှာ ဖော်ပြထားပါတယ်။
Read More

CRPH နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) တို့ တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်က ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။