အကြမ်းဖက် စစ်ကောင်စီဟာ လူပေါင်း‌ထောင်ချီ သေဆုံးခဲ့ရတဲ့ ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်နေရတဲ့ နေရာတွေအပါအဝင် မြန်မာပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း Reuters သတင်းက မတ်လ ၃၀ ရက်မှာ ဖော်ပြပါတယ်။

“ပြည်သူအများ မြေငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားနေရချိန်တွင် စစ်ကောင်စီအနေနှင့် အရပ်သား နေရာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် ကျူးလွန်နေ”ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သာမန်အခြေအနေအရ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စစ်တပ်က ဦးစွာ ပါဝင်ကြလေ့ရှိပေမယ့် မြန်မာစစ်တပ်ကတော့ “ပြည်သူကို ဦးတည်တိုက်ခိုက်ရန်သာ တပ်စွဲဖြန့်ကျက်ထား”တယ်လို့ သူက ဆိုပါတယ်။

ကိုဗစ်-၁၉ အပြင်းအထန် ကျရောက်နေချိန် ၂၀၂၁ မှာ အာဏာသိမ်းခံလိုက်ရတဲ့ မြန်မာနိုင်ငံဟာ ကပ်ရောဂါဘေးအပြင် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ၊ စစ်ပွဲဒဏ်တွေ၊ ရေကြီးမြေပြို မုန်တိုင်းဒဏ်တွေ၊ စီးပွားပျက်ကပ်တွေ၊ အဓမ္မစစ်မှုထမ်းခိုင်းစေမှုတွေ၊ အငတ်ဘေးတွေနဲ့ ရင်ဆိုင်နေရပြီး ယခုတခါ မြေငလျင်ဒဏ်ကြောင့် များစွာ ထိခိုက်ဆုံးရှုံး နစ်နာနေရလျက်ရှိပါတယ်။

သောကြာနေ့က ငလျင်လှုပ်ခတ်ပြီးနောက် မကြာမီမှာပဲ KNU ဌာနချုပ်အနီးကို စစ်တပ် ဂျက်လေယာဉ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ခံခဲ့ရကြောင်း ကယ်ဆယ်ရေးအဖွဲ့ Free Burma Rangers က ပြောပါတယ်။

လွတ်လပ်တဲ့ သတင်းတွေရဲ့ ဖော်ပြချက်အရ ငလျင်စတင်ဖြစ်ပွားပြီးချိန်ကစလို့ စစ်ကောင်စီဟာ ငလျင်ဒဏ်သင့် နေရာတွေအပါအဝင် မြန်မာပြည်အနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ဆယ်ချီ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို အားပြင်းငလျင်ကြောင့် သေဆုံးသူ ထောင်ချီရှိနေချိန်မှာတောင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာဟာ “အတော်တရားလွန်ပြီး လက်မခံနိုင်စရာကိစ္စဖြစ်တယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဝေဖန်ရှုံ့ချထားပါတယ်။

“စစ်တပ်အပေါ် ဩဇာရှိတဲ့ မည်သူမဆို ဖိအားပေးပြီး ဒါဟာ လက်ခံနိုင်စရာမရှိကြောင်း ရှင်းအောင်ပြောဖို့ လိုတယ်” “စစ်ကောင်စီအနေနဲ့ စစ်ဆင်ရေးအားလုံး ရပ်လိုက်ဖို့ တောင်းဆိုတယ်” လို့ တွမ်အန်ဒရူးစ်က BBC သတင်းဌာနကို ပြောဆိုထားပါတယ်။

ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ ငလျင်ရဲ့ ဗဟိုချက်ဟာ စစ်အုပ်စုထိန်းချုပ်နယ်မြေမှာ တည်ရှိတယ်ဆိုပေမယ့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေအချို့မှာလည်း များစွာ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

မြေပြင်အချက်အလက်တွေကို အခြေခံထားတဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူပေါင်း ၂၉၀၀ ကျော် သေဆုံးခဲ့ရပြီး ၃၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

ငလျင်ဘေးသင့်ဒေသတွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ မတ်လ ၃၀ ရက်ကစတင်ပြီး ၂ ပတ်တာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပါတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန် ကလည်း သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်တွေနဲ့ တနင်္ဂနွေနေ့မှာ အရေးပေါ်တွေ့ဆုံပြီးနောက် မြန်မာပြည်မှာ အသက်ကယ်အကူအညီတွေ ဖြန့်ဖြူးနိုင်ဖို့အတွက် ထိရောက်တဲ့ အပစ်အခတ်ရပ်စဲမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

အချို့တော်လှန်ရေးတပ်တွေဟာ သူတို့ထိုးစစ်ကို ရပ်ဆိုင်းလိုက်ပေမယ့် အခြားနေရာတွေမှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပဲလို့ Crisis Group ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချက်ဟော်ဆေးက ပြောပါတယ်။

“(ငလျင်ဒဏ်ကြောင့်) ထိခိုက်တဲ့နေရာတွေအပါအဝင် စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေသေးတယ်။ ဒါကိုရပ်ဖို့လိုတယ်” လို့ သူကဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ငလျင်ဒဏ်သင့်ဒေသတွေမှာလည်း ထင်သာမြင်သာရှိတဲ့ အထောက်အပံ့တွေ ပေးတာမျိုးလည်း မရှိကြောင်း သူကဆက်ပြောပါတယ်။

“ဒေသခံ မီးသတ်တပ်ဖွဲ့တွေ၊ လူနာတင်အဖွဲ့တွေနဲ့ ရပ်ရွာအဖွဲ့အစည်းတွေက စည်းရုံးလုပ်ဆောင်နေခဲ့ကြပေမယ့် ဒီလိုအကျပ်အတည်းမှာ ထောက်ပံ့ကူညီဖို့ ပုံမှန်အားဖြင့် စည်းရုံးရမယ့် စစ်တပ်ကို ဘယ်မှာမှ မတွေ့ရဘူး” လို့ ဟော်ဆေးက ပြောပါတယ်။

ကိုးကား – Myanmar military still bombing towns despite earthquake crisis, rebels say

0 Shares:
You May Also Like
Read More

မြန်မာအပါအဝင် အရှေ့တောင်အာရှက လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေး

လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ပြီး ဖြားယောင်းခံရသူတွေနဲ့ တရားမဝင်အလုပ်တွေမှာ ပိတ်မိနေသူတွေကို အိမ်ပြန်ခေါ်ဖို့အရေး ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေဟာ ဘန်ကောက်မှာ အခုတစ်ပတ်ထဲ ဆွေးနွေးခဲ့ကြတယ်လို့ Reuters က ဇန်နဝါရီလ ၁၅ ရက်မှာ သတင်းဖော်ပြထားပါတယ်။ 
Read More

ပြင်သစ်နိုင်ငံ၊ လီယွန်မြို့မှာ မြန်မာလူမျိုးများ ပြုလုပ်သည့် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ လီယွန်မြို့မှာ ရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေဟာ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုမှာ ပါဝင်လာတယ်လို့ ရန်ကုန်လူထုသပိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီး တောင်းဆို၊ ဗာတီကန်မှာ ခိုလှုံခွင့်ပေးမယ် လို့ပြော

ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းဆိုလိုက်ပြီး၊ သူမကို ဗာတီကန်မှာ ခိုလှုံခွင့်ပေးမှာဖြစ်တယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အာရှက Jesuits များနဲ့ စကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ ရောမမှာ သူ့သားနဲ့ တွေ့ဆုံခွင့်ရဖို့ ကျွန်ုပ်အနေနဲ့ တောင်းဆိုပါတယ်။ ကျွန်ုပ်နယ်မြေ ဗာတီကန်မှာ သူမကိုလက်ခံဖို့ ကမ်းလှမ်းခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
Read More

မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြခဲ့သည့် ထိုင်းကျောင်းသားပြန်လွတ်လာပေမယ့် မြန်မာနှစ်ဦး ပြန်မလွတ်သေး…

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ BIMSTEC အစည်းအဝေးတက်ရောက်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ယောက် ပြန်လည် မလွတ်မြောက်လာသေးဘူးလို့ သိရပါတယ်။
Read More

မြန်မာပြည်သူများ တရားမျှတမှုရရှိရေး ပြောကြားပေးခဲ့သည့် ပုပ်ရဟန်းမင်းကြီးအား အစဉ်ထာဝရ အမှတ်ရနေမည်ဟု IEC ထုတ်ပြန်

မြန်မာပြည်အတွက် တရားမျှတရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို အစဉ်အမှတ်ရနေမှာဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
Read More

အာဏာသိမ်းစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုမှတ်တမ်းတွေကို ကုလထံ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့

အာဏာသိမ်းစစ်တပ်က နိုင်ငံတစ်ဝန်း ကျူးလွန်ခဲ့တဲ့  အကြမ်းဖက်မှုမှတ်တမ်းတွေကို  ကုလအတွင်းရေးမှူးချုပ်နဲ့ ကုလကိုယ်စားလှယ်တွေထံ  ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့လိုက်ပြီဖြစ်ပါတယ်။