တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စွန့်ပစ်ထားခဲ့တဲ့ အကြမ်းဖက်စစ်သား အလောင်း ၃ လောင်း တွေ့ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းမှာ တနင်္သာရီမြို့ပေါ်ကနေ သိန်းခွန်ရွာဘက်ကို ခြေလျင်စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ တောလမ်းကနေ တက်လာပြီး တမုတ်ချုံရွာနဲ့ လယ်တောင်ယာရွာကြားမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွါးပြီးတဲ့နောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်မှာတော့ အကြမ်ဖက်စစ်တပ်က စစ်သား အလောင်း ၃ လောင်း တွင်းထဲ စွန့်ပစ်ထားတာကို တွေ့ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။