နိုင်ငံတစ်ဝန်းမှာ ဥပဒေမဲ့ အကန့်အသတ်မရှိ သယံဇာတ ထုတ်ယူတူးဖော်နေမှုတွေကို စိစစ်ဖော်ထုတ်အရေးယူသွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီက သူ့ရဲ့ဝါဒဖြန့် မီဒီယာတွေကတဆင့် ပြောကြားလိုက်ပါတယ်။

နှစ်ပေါင်းများစွာ တိုင်းပြည်သယံဇာတတွေကို ထုတ်ယူကာ ကိုယ်ကျိုးအတွက် အမြတ်ထုတ်ကြီးပွားခဲ့တဲ့ စစ်အုပ်စုနဲ့ အပေါင်းအပါတွေဟာ သူတို့ လက်လွှတ်ဆုံးရှုံးထားရတဲ့ ဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေက သတ္တုနဲ့ သယံဇာတ တူးဖော်ထုတ်ယူနေမှုကို ရည်ရွယ်ပြီး ခြိမ်းခြောက် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီက မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတပစ္စည်းတွေ အားလုံးရဲ့ မူလပိုင်ရှင်ဟာ နိုင်ငံတော်ဖြစ်ပြီး နိုင်ငံတော်ပိုင်သယံဇာတပစ္စည်းတွေကို ထုတ်ယူသုံးစွဲရင် သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

လက်ရှိနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို  အခွင့်ကောင်းယူကာ မတော်လောဘ စီးပွါးရေးသမားတွေက သယံဇာတပစ္စည်းတွေကို ဥပဒေမဲ့ ခိုးထုတ်နေကြပြီး အကြမ်းဖက်အုပ်စုတွေကို ထောက်ပံ့ခြင်း၊ လက်နက်ကိုင်သောင်းကျန်းသူတွေကို ထောက်ပံ့ခြင်းတွေ ပြုလုပ်နေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို ယခုနှစ် (၂၀၂၂) ဧပြီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – CAfT)

အရပ်သားအစိုးရကို ဖမ်းဆီးကာ စစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ သူတို့တက်လာပြီးတဲ့နောက်ပိုင်း ထိန်းကျောင်းမယ့် လွှတ်တော်မရှိတာကြောင့် သယံဇာတတူးယူထုတ်ဖော်မှုတွေကို သူတို့ကိုယ်တိုင်ကတော့ စိတ်ကြိုက် အလွန်အကျွံ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီဟာ သူတို့ဆုံးရှုံးလိုက်ရတဲ့ ကျေးရွာနဲ့ မြို့တွေမှာ တန်ဖိုးကြီး တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ကွက်တွေ အများအပြားကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်လိုက်ရပါတယ်။

ဒီလိုလက်လွှတ်လိုက်ရတာကြောင့် အဲဒီဒေသတွေက တွင်းထွက်သယံဇာတ တူးဖော်မှုတွေကို အမိန့်အာဏာနဲ့ မလွှမ်းမိုးနိုင်တော့ဘဲ ခြိမ်းခြောက် ပြောဆိုမှုတချို့ကိုသာ ပြုလုပ်နိုင်တော့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အခုလို ခြိမ်းခြောက်လာမှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို လွှမ်းမိုးနိုင်ခြင်းမရှိပေမယ့် သူတို့နဲ့ ဆက်စပ်ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ ပြည်သူတွေကို ဖိအားပေး ရန်ရှာ အရေးယူမှုတွေပြုလုပ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတချို့က ထောက်ပြထားပါတယ်။

လက်ရှိမှာ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ နမ့်ဖက်ကာနဲ့ မိုးကုတ်ဒေသတွေမှာ ကျောက်မျက်၊ ပတ္တမြား၊ ရွှေနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေကို တူးဖော်လုပ်ကိုင်ခွင့်တွေ ဆက်တိုက်ခွင့်ပြုပေးလျက်ရှိနေပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ကြေးနီနဲ့ ရွှေလုပ်ကွက်တွေ အပါအဝင် MDY-PDF ထိန်းချုပ်ထားတဲ့ မန္တလေး မတ္တရာဒေသတွေက ရွှေတူးဖော်ရေးနဲ့ အခြားသော လုပ်ငန်းတွေကို စစ်ကောင်စီက ဆက်တိုက် လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မကွေးတိုင်းထဲက ရေနံလုပ်ကွက်အများစုကို‌ ဒေသခံတော်လှန်ရေးတပ်တွေက အဓိက ထိန်းချုပ်ထားပြီး ရေနံကရရှိတဲ့ ဝင်ငွေတွေနဲ့ စစ်လက်နက်ဝယ်ယူအင်အားဖြည့်တင်းတာ၊ ရန်ပုံငွေရှာဖွေတာတွေ ပြုလုပ်လျက်ရှိနေပါတယ်။

ဒါ့အပြင် မြန်မာပြည်မြောက်ပိုင်းက ကမ္ဘာကျော် ကျောက်စိမ်းလုပ်ကွက်တွေတည်ရှိရာ ဖားကန့်ဒေသက နယ်မြေအများစုကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေတဲ့ ရှားပါး မြေရှားသတ္တုလုပ်ကွက်တွေ တည်ရှိရာ ကချင်ပြည်နယ်အထက်ပိုင်းက နေရာအများစုဟာလည်း KIA လက်ထဲမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းကုန်စည်တွေ စျေးကွက်အတွင်း ပြတ်လတ်ပြီး စျေးတက်နေ

စစ်ကောင်စီက ကုန်သည်တွေကို တရားမ၀င်ကုန်စည်တင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအရေးယူနေလို ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းအချို ပြတ်လပ်နေတယ်လို ရန်ကုန်မြိုခံတွေက ပြောပါတယ်။
Read More

“ရိုးသားစွာတော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ့” ဟု သေတမ်းစာချန်ကာ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး အဆုံးစီရင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ အမှတ် (၃) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး ဟိုးကြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မုံရွာခရိုင် အမှတ် ၃ တပ်ရင်းက ရဲဘော် ၇ ယောက် ကျဆုံးခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ရဲဘော်(၇) ယောက်က ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အောင်ပန်းမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူများအတွက် ၄ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်အာဏာရှင်တွေကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကျဆုံးခဲ့သူတွေနဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေအတွက် (၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ (P3.-9702) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ ရေလာ ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ရေလာကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။