မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ချင်းပြည််နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ပွဲလမ်းသဘင်တွေ မပြုလုပ်ဖို့ ထုတ်ပြန်ထားတယ်လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က မောင်းကို ပြောပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲ အခြေအနေတွေနဲ့ ပတိသက်ပြီးတော့လည်း ပြည်သူတွေကို အသိပေးနိုင်ဖို့ လာမယ့်ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ရက်နေ့က စတင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ချင်းဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းဆင်နွှဲနေတာဖြစ်ပြီး အောင်မြင်မှုတွေလည်း ရရှိထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီက တော်လှန်ရေးတပ်တွေကို လေကြောင်းကနေ အဆက်မပြတ်ခုခံနေတဲ့အတွက် မြို့အနှံ့ပေါက်ကွဲသံတွေ အဆက်မပြတ် ကြားနေရကြောင်းဒေသခံတွေဆီက သိရပါတယ်။

ဒီအတွက် မင်းတပ်မြို့အတွင်း လူစုလူဝေးတွေ၊ ရိုးရာပွဲလမ်းသဘင်တွေ မပြုလုပ်ဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
“မင်းတပ် မြို့ပေါ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ရှိနေပါတယ်။ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဆိုတော့လေ။ အဲ့တော့ ရိုးရာကောက်ရိတ်သိမ်းပွဲတို့၊ ခရစ်စမတ်ပွဲ (လူစုလူဝေး) မပြုလုပ်ဖို့ ပြောထားပါတယ်။ မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး ချင်းညီနောင်အနေနဲ့ တရားဝင်သတင်းထုတ်ပြန်ဖို့လည်း ရှိပါတယ်။” လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က မောင်းကိုပြောပါတယ်။
ဒီဇင်ဘာ ၁၇ရက် ညသန်းခေါင်ယံအချိန်ကလည်း မိတ္ထီလာရှမ်းတဲလေဆိပ်တက် Y12 ဗုံးကြဲလေယာဥ်တွေက မင်းတပ်မြို့ကို ၁၂၀မမ ဗုံးသီး အလုံး၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး မကွေးလေဆိပ်တက် Y12 လေယာဥ်ကလည်း အလားတူ ဗုံးသီးအလုံး ၆၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ HKL Mindat က ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၁၇ရက် ၊ နေ့လည်ပိုင်းမှာလည်း မကွေးလေဆိပ်တက် Y12 ထောက်ပို့ယာဥ်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေတဲ့ မင်းတပ် ခလရ ၂၇၄ တပ်ရင်းထဲ လေထီးနဲ့အတူ စားနပ်ရိက္ခာ၊ ခဲယမ်းတွေ ၇ကြိမ်နီးပါးချပေးခဲ့သေးကြောင်း သိရပါတယ်။