မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့လယ်ခေါင်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Special Task Force Ngazun က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၈ ရက် ညနေပိုင်းက မြို့သာမြို့ရဲစခန်းကနေ စျေးမြောက်ဘက်ထောင့်ဆီ ထွက်လာပြီး အရပ်သားတွေ၊ ခရီးသည်တင်ကားတွေဆီက ဆက်ကြေးကောက်ငွေညှစ်တဲ့ အထက်ပါ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“မြို့သာစခန်းကနေ မြို့သာစျေးထောင့်ကိုလာကြတာ ၁၀ယောက်လောက်ပါတယ်။ ဆက်ကြေးကောက်တာရယ်၊ စစ်ဆေးတာရယ်လုပ်ကြတာပေါ့။ ကျနော်တို့ပစ်လို့ သေတာက ၃ယောက်၊ ထိခိုက်ဒဏ်ရာရတာ ၂ယောက်ပါ။” လို့ Special Task Force Ngazun တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်သားတွေဟာ မြို့သာမြို့ရဲစခန်းအတွင်း အထိုင်ချတပ်စွဲနေတာဖြစ်ပြီး မကြာခဏဆိုသလို မြို့ထဲလှည့်ပြီး ဆက်ကြေးကောက်ငွေညှစ်တာ၊ စစ်ဆေးတာတွေလုပ်ဆောင်တတ်တယ်လို့လည်း သိရပါတယ်။
စည်ကားတဲ့နေရာဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အခုစစ်ဆင်ရေးလုပ်ဆောင်ချိန်မှာ အရပ်သားတွေ ထိခိုက်မှုမရှိအောင် လုပ်ဆောင်ခဲ့ရကြောင်းနဲ့ သေနတ်ကောက်ခွင့်လည်း မရခဲ့ကြောင်း Special Task Force Ngazun တာဝန်ရှိသူက ပြောပါတယ်။
Video – Special Task Force Ngazun