စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာမှာ အကြမ်းဖက်စစ်တပ် မီးရှို့ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့ရှိပြီး စစ်ကောင်စီ တပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ရွှေဘိုမြို့ပေါ်က ထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေနဲ့ ရွှေဘိုမြို့နယ် အနောက်ပိုင်း ပျူစောထီးကျေးရွာတွေက ပျူတွေ ပူးပေါင်းပြီး ဒီဇင်ဘာလ ၇ ရက်ကနေ ၉ ရက်အထိ သပြေသာကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ကျေးရွာအတွင်း မီးရှို့ သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်း ၄ လောင်းကို တွေ့ရှိခဲ့ပြီး သေဆုံးသူတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ မဟုတ်ဘူးလို့ ရွှေဘိုမြို့နယ် ပကဖ က ဆိုပါတယ်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးခဲ့တဲ့ နယ်မြေအတွင်း ပျောက်ဆုံးနေတဲ့ ပြည်သူတွေ မရှိပေမယ့် အဲ့ဒီ အကြမ်းဖက်စစ်ကြောင်းက ကျေးရွာအတွင်းက နေအိမ် ၂၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) ဦးဆောင်တဲ့ နယ်မြေခံ ပကဖ အဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကွင်းကို စစ်ကောင်စီတပ်သားတွေ ဖြတ်သန်းသွားလာရာမှာ မိုင်းနင်းမိပြီး ပျူစောထီး ၁ ယောက် သေဆုံးကာ ပန်းရံရွာ ပျူစောထီး ခေါင်းဆောင်အပါ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
