ယခုလအတွင်း ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုမှာ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်ထဲကဆေးရုံတစ်ရုံကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ နယ်မြေပိုမိုစိုးမိုးဖို့နဲ့ မဲဆန္ဒရှင်ပြည်သူတွေကို “ခြိမ်းခြောက်ဖို့” ရည်ရွယ်တာဖြစ်ပြီး အင်အားကြီးနိုင်ငံတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးနဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကြောင့် လျစ်လျူရှုထားကြကြောင်း လေ့လာဆန်းစစ်သူများက ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် ဗုဒ္ဓဟူးနေ့က ရခိုင်ပြည်နယ်အနောက်ပိုင်း၊ မြောက်ဦးမြို့က ဆေးရုံတစ်ရုံကို လေကြောင်းတိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး အဲဒီနေရာကို စစ်အခြေစိုက်စခန်းအဖြစ် အသုံးပြုနေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတခုဖြစ်တယ်လို့ စစ်အုပ်စုက လိမ်လည်ပြောဆိုခဲ့ပါတယ်။

Associated Press သတင်းဌာနက ကိုးကားဖော်ပြတဲ့ ဒေသခံ ကယ်ဆယ်ရေးသမားတဦးရဲ့ အဆိုအရ အဲဒီတိုက်ခိုက်မှုကြောင့် လူနာတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ပြီး ၈၀ ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်အုပ်စုထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာတော့ လက်နက်ကိုင်အဖွဲ့တွေဟာ အဲဒီဆေးရုံကို စစ်အခြေစိုက်စခန်းအဖြစ် အသုံးပြုနေကြောင်း စစ်တပ်ရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီး ဖော်ပြထားပါတယ်။

နောက်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စဖို့လျာထားတဲ့ အပိုင်းလိုက်ရွေးကောက်ပွဲတွေမတိုင်မီ ရက်ပိုင်းအလိုမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒီရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်အာဏာသိမ်းမှုအပြီး စစ်တပ်ရဲ့ ထိန်းချုပ်မှုကို အခိုင်အမာဖြစ်စေဖို့ ရည်ရွယ်တဲ့ အတုအယောင်တခုသာဖြစ်ကြောင်း ပြောဆိုပယ်ချထားကြပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ လူမျိုးစုတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအကျယ်အဝန်း တော်တော်များများမှာ မဲပေးဖို့တော့ မဖြစ်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့လတွေအတွင်း စစ်အုပ်စုဟာ လူမျိုးစုတော်လှန်ရေးတပ်တွေထံကနေ နယ်မြေတွေ ပြန်ရဖို့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဒရုန်းစစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်နီပြည်နယ်ထဲက မဟာဗျူဟာမြောက် အရေးပါတဲ့ မြို့အချို့ကိုလည်း ပြန်လည်သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။
နယ်မြေစိုးမိုးရန် အသည်းအသန် ကြိုးပမ်းနေခြင်း
===================

ဩစတေးလျနိုင်ငံ Curtin တက္ကသိုလ်က နိုင်ငံတကာစီးပွားရေးဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းက စစ်အုပ်စုဟာ ပြီးခဲ့တဲ့လတွေအတွင်း လေကြောင်းတိုက်ခိုက်မှု ရာပေါင်းများစွာ ပြုလုပ်ခဲ့ပြီး အရပ်သားအများအပြားကို သေဆုံးစေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ “(မြောက်ဦး)ဆေးရုံကို ဗုံးကြဲတာလည်း ဒီပုံစံအတိုင်းပါပဲ” လို့ သူမက ဆိုပါတယ်။

“စစ်တပ်ဟာ ရွေးကောက်ပွဲနေ့မတိုင်မီ နယ်မြေတွေသိမ်းပိုက်ဖို့ အသည်းအသန် ကြိုးပမ်းနေတာဖြစ်တယ်” လို့ သူမက ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ ဒေသတွင်း မိတ်ဖက်တွေကို သူတို့အင်အားပြသဖို့နဲ့ မဲဆန္ဒရှင်ပြည်သူတွေကို “ခြိမ်းခြောက်ဖို့” ရည်ရွယ်တာလို့လည်း သူမက ထပ်ပြောပါသေးတယ်။ “ဆေးရုံကို ဗုံးကြဲတာဟာ ရွေးကောက်ပွဲနဲ့ အလွန်နီးကပ်တဲ့အချိန်မှာ ဖြစ်ပွားခဲ့တယ်ဆိုတာက မြန်မာပြည်သူတွေရဲ့ဆန္ဒကို စစ်အုပ်စုက လုံးဝ လျစ်လျူရှုထားတာကို ပြသနေတာပဲ ဖြစ်တယ်” လို့လည်းဆိုပါတယ်။

ဒါပေမဲ့ စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် စစ်မြေပြင်မှာ အောင်ပွဲတွေရဖို့ဆိုတာ မဖြစ်နိုင်ကြောင်း Adelaide တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာလေ့လာရေး အကြီးတန်း ကထိက Adam Simpson က ပြောကြားခဲ့ပါတယ်။ စစ်အုပ်စုဟာ မကြာခဏဆိုသလို “နားမလည်နိုင်စရာ ဒါမှမဟုတ် ယုတ္တိမတန်တဲ့ ဆုံးဖြတ်ချက်တွေ” ချလေ့ရှိကြောင်း ၎င်းက မှတ်ချက်ပြုရင်း ရခိုင်ပြည်နယ်၊ မြောက်ဦးလို ဝေးလံခေါင်သီတဲ့ဒေသမှာ ဒီလို အကြမ်းဖက်ခဲ့မှုအတွက် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို စစ်တပ်အနေနဲ့ မျှော်လင့်မထားခဲ့ကြောင်း သူက ဆိုပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကုလသမဂ္ဂက ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တာကြောင့် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။
Amnesty International ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ Joe Freeman ကလည်း စစ်တပ်ဟာ ရွေးကောက်ပွဲမတိုင်မီ နှိပ်ကွပ်မှုတွေကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နေကြောင်း ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

စစ်တပ်ရဲ့ ဆေးရုံကိုတိုက်ခိုက်မှုကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုအဖြစ် စုံစမ်းစစ်ဆေးသင့်ကြောင်းကိုလည်း သူက ပြောဆိုထားပါတယ်။ “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ဆေးရုံတရုံကို ဗုံးကြဲတိုက်ခိုက်ခြင်းဟာ မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် လုံးဝ လျစ်လျူရှုထားခြင်းကို ပြသနေတာဖြစ်ပါတယ်။”
အဲဒီလို တိုက်ခိုက်မှုတွေတိုးများလာတာဟာ လေကြောင်းလောင်စာဆီ၊ လက်နက်တွေနဲ့ အခြားကုန်ပစ္စည်းတွေ တင်ပို့မှု ရပ်ဆိုင်းဖို့ အရေးတကြီး လိုအပ်ကြောင်းကို မီးမောင်းထိုးပြနေတယ်လို့ Freeman က ဆိုပါတယ်။

တရုတ်၊ ရုရှားနဲ့ အမေရိကန် တို့လို အင်အားကြီးနိုင်ငံတွေက သံတမန်ရေးအရ “စိုးရိမ်ပူပန်မှု” ပြသနိုင်ပေမဲ့ သိသာထင်ရှားတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ မဖြစ်နိုင်ကြောင်း စစ်တပ်က သိနေတာကြောင့် အခုလို တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ရဲတင်းလာခြင်းဖြစ်တယ်လို့ Simpson က ဆိုပါတယ်။

ဘေဂျင်းနဲ့ မော်စကိုတို့က ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို ကာကွယ်ဖို့ရာ စစ်တပ်ဦးဆောင်တဲ့ “တည်ငြိမ်ရေး” ကို အကောင်းဆုံးနည်းလမ်းအဖြစ် ရှုမြင်ကြပြီး ရွေးကောက်ပွဲကို ထောက်ခံခဲ့ကြပါတယ်။
လွတ်လပ်ပြီး တရားမျှတရဲ့လား?
===================

(စစ်တပ်) အုပ်ချုပ်ရေးနဲ့ တည်ငြိမ်ရေးမှာ “သိသာထင်ရှားတဲ့ တိုးတက်မှုများ” ရှိနေကြောင်းနဲ့ “လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ” ကျင်းပဖို့ စီစဉ်ထားတယ်ဆိုတာကို ကိုးကားပြီး ဝါရှင်တန်က ပြီးခဲ့တဲ့လမှာ မြန်မာနိုင်ငံအတွက် ယာယီအကာအကွယ်ပေးထားမှုအဆင့် (TPS) ကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာအတွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးထားမှုကို ရပ်ဆိုင်းလိုက်ခြင်းဟာ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

Simpson က “လွတ်လပ်ပြီး တရားမျှတသော” ဆိုတဲ့အသုံးအနှုန်းဟာ “သရော်စာထက်တောင် ပိုဆိုးနေတယ်” လို့ ဆိုထားပြီး အမေရိကန်အနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီကို ထောက်ခံဖို့ “မစွမ်းဆောင်နိုင်တော့တာ ဒါမှမဟုတ် စိတ်မဝင်စားတော့တာ” က စိုးရိမ်စရာဖြစ်တယ်လို့ ပြောထားပါတယ်။

စစ်အုပ်စုဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို အကြောင်းပြပြီး ပြည်သူတွေက အစိုးရသစ်ကို ရွေးချယ်လိုက်ပြီဆိုတဲ့ သက်သေအဖြစ် အသုံးပြုဖို့ မျှော်လင့်နေပေမဲ့ “လက်တွေ့အခြေအနေက အဲဒီလို မဟုတ်နေပါဘူး” လို့ သူက ဆိုပါတယ်။

၁၉၆၂ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ စစ်တပ်နဲ့ သူတို့နဲ့နီးစပ်တဲ့ ပါတီတွေကို ပြည်သူတွေက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ကြတဲ့အကြောင်း သူက ထောက်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲ ကျင်းပရတဲ့ အကြောင်းရင်းတခုက စစ်အုပ်စုအနေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ လက်ခံမှု လိုချင်တာကြောင့်ဖြစ်ကြောင်း ဒေါ်ထွေးထွေးသိန်းက ပြောပါတယ်။
“နယ်စပ်လုံခြုံရေး၊ ဒုက္ခသည်တွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေကို စိုးရိမ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေက စစ်အုပ်စုနဲ့ ပြန်ဆက်သွယ်ဖို့ရာ ဒီရွေးကောက်ပွဲကို အကြောင်းပြချက်တခုအဖြစ် အသုံးပြုနိုင်တယ်” လို့ သူမက ဆိုပါတယ်။

“ဒီရွေးကောက်ပွဲဟာ တည်ငြိမ်မှုကို ဆောင်ကြဉ်းလာမယ့်အစား ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေဖွယ်ရှိပါတယ်။ စစ်အုပ်စုဟာ ဒေသတွင်း မိတ်ဖက်တွေကို ပြသဖို့ တရားဝင်မှု အလွှာပါးလေးတခု ရရှိသွားနိုင်ပေမယ့် ပြည်တွင်းစစ်ကတော့ ဆက်လက်ဖြစ်ပွားနေဦးမှာ ဖြစ်ပါတယ်” လို့ သူမက သုံးသပ်ခဲ့ပါတယ်။

============
Maria Siow ရေးသားပြီး South China Morning Post တွင် ဖော်ပြထားသည့် “Myanmar hospital air strikes heighten election turmoil amid global inaction” ကို ဘာသာပြန်ဆို ဖော်ပြထားခြင်းဖြစ်ပါသည်။
0 Shares:
You May Also Like
Read More

ရန်ကုန်မြို့လယ်မှာ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် “အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်” စာသား ချိတ်ဆွဲ (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့လယ်ခေါင်မှာ မတ်လ ၂၇ ရက် ဒီနေ့မှာ ကျရောက်တဲ့ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် "အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်" ဆို စာသားပါ ဗီနိုင်းကို ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Youth of Anarchy - YOA ဆီက သိရပါတယ်။
Read More

“U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦ်းမိုးဇော်ဦး တက်ရောက်ဆွေးနွေး

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ George Washington University ရဲ့ Elliott School of International Affairs က ကြီးမှူးပြုလုပ်တဲ့ “U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦ်းမိုးဇော်ဦးက တက်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဆိုင်ကယ်နှင့် သွားလာလှုပ်ရှားနေသည့် စစ်အုပ်စု စောင့်ကြိုပစ်ခတ်ခံရပြီး ၄ ဦး သေ၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ကန့်ဘလူမှာ ဘိလိယက်ထိုးနေတဲ့ လူငယ် ၇ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က ရပ်ကွက်တစ်ခုမှာ လူငယ် ၇ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

နိုင်ငံ မတိုးတက်ရခြင်းမှာ လက်နက်ကိုင်အဖွဲ့များနှင့် ထောက်ခံသူများကြောင့်ဟု အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင် အပြစ်တင်ပြောဆိုပြန်

မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စဉ်းစားတွေးခေါ်မှု အားနည်း​ခြင်းနဲ့ သူတို့ကို အားပေးထောက်ခံသူတွေရဲ့ အသိဉာဏ်နည်းပါးတာတွေကြောင့် တိုင်းပြည် အောင်မြင်သင့်သလောက် မအောင်မြင်၊ မတိုးတက်ရတာဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အပြစ်တင် ပြောဆိုလာပြန်ပါတယ်။
Read More

စားသောက်ဆိုင်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ-၂၁ က တပ်ကြပ်ကြီးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ (၂၁) က တပ်ကြပ်ကြီး ၁ယောက်ကို စောင့်ကြိုစစ်ဆေးရာ လက်မခံဘဲ ပြန်ခုခံတာကြောင့် နေရာတင် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၁) ထောက်လှမ်းရေး က မောင်းကိုပြောပါတယ်။