အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ နိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ USDP ဟာ စစ်တပ်ကပဲ စီစဥ်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲ မစတင်ခင်အချိန်မှာ လွှတ်တော်အမတ်နေရာ ၂၈ နေရာကို အနိုင်ရနေပြီ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်လာတဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေအရ မဲဆန္ဒနယ် ၂၈ ခုမှာ ကြံ့ခိုင်ရေးပါတီကလွဲပြီး ဝင်ရောက်ယှဥ်ပြိုင်သူ မရှိတာကြောင့် ကြံ့ခိုင်ရေးက အလိုလိုနေရင်း အနိုင်ရနေတဲ့ အခြေအနေ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေး အနိုင်ရတဲ့ မဲဆန္ဒနယ် ၂၈ ခုဟာ ကချင်၊ စစ်ကိုင်း၊ ရှမ်းပြည်နဲ့ တနင်္သာရီတိုင်းတို့က ဖြစ်ပြီး ပြိုင်ဘက်မရှိ အနိုင်ရတဲ့ အဆိုပါ မဲဆန္ဒနယ်တွေဟာ လက်ရှိမှာ စစ်ရေးပဋိပက္ခ ပြင်းထန်ကာ တည်ငြိမ်မှုမရှိတဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။ 

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပြည့်အဝ မကျင်းပနိုင်တဲ့အပြင် အင်အားကြီးတဲ့ ပြိုင်ဘက် အတိုက်အခံပါတီတွေကို ဖျက်သိမ်းတာ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခွင့်မပြုတာတွေလည်း တွေ့ရပါတယ်။ 

အခုလိုမျိုး မဲမပေးရသေးခင်အချိန်မှာပဲ အနိုင်ရလဒ် ကြိုတင်ထွက်ပေါ်နေတာဟာ ရွေးကောက်ပွဲရဲ့ တရားမျှတမှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေပြီး ပြည်သူလူထုကြားမှာလည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

“သူတို့ လိုချင်တာကလည်း ၂၀၁၀ တုန်းကလိုပေါ့နော်။ ကြံ့ခိုင်ရေးစစ်စစ် ရေမရောတဲ့ အနေအထားကို လိုချင်တာပေါ့နော်။ သူတို့ နောက်ထပ်လုပ်မယ့် ရွေးကောက်ပွဲကျမှ ရေရောတာတွေ တက်လာမယ့် သဘောပေါ့။ အခုလောလောဆယ်ကတော့ ကြံ့ခိုင်ရေးစစ်စစ်.. စစ်အုပ်ချုပ်ရေးစစ်စစ်ကို သွားချင်နေတဲ့ သဘောရှိတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က သူတို့ရဲ့ အုပ်ချုပ်ရေးအပေါ် ဝေဖန်သူတွေကို ရှင်းထုတ်နေတာဖြစ်ပြီး အဆင်သင့် အနိုင်ရသွားတဲ့ နေရာတွေဟာလည်း တခြားပါတီတွေ ဝင်ရောက်ယှဥ်ပြိုင်ရင် လုံခြုံရေးမပေးနိုင်တဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်။

“ရှင်းရှင်းပြောရရင်တော့ သူတို့ချည်းပဲ ကိုယ်စားလှယ်လောင်း ဖြစ်ချင်တဲ့ သဘောပါပဲ။ လွှတ်တော်မှာတော့ ရာနှုန်းပြည့် ကြံ့ဖွံ့ သူတို့ စစ်ဗိုလ်ချုပ်တွေပဲ ဖြစ်မှာ.. အယောင်ပြ ၁ယောက် ၂ယောက်ကလည်း အလကားနေ NLD ကို ဆဲနေတဲ့သူမျိုးကိုပဲ လက်ခံမယ့် အနေအထားမျိုးပေါ့။ ဒေါ်သက်သက်ခိုင်ကျတော့လည်း လွှတ်တော်ထဲ ရောက်တာနဲ့ လေသံပြောင်းတာကို ကြုံခဲ့ဖူးတော့ ဒီလို အတိုက်အခံတွေကို ကြိုရှင်းနေတဲ့ အခြေအနေပါ” လို့ ဗိုလ်ကြီး ဇင်ယော်က ဆက်ပြောပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပေါ် တရုတ်နဲ့ ရုရှားကဲ့သလို စစ်အုပ်ချုပ်ရေး နိုင်ငံတွေကလွဲပြီး အနောက်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေက အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲကိုသာ ကြိုဆိုကြောင်း သဘောထားပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံတကာနဲ့ အာဆီယံဒေသက အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်ကလည်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ကြဖို့၊ ရလဒ်ကို လက်မခံကြဖို့ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်ကတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ပထမပိုင်းကို ကျင်းပသွားမယ်လို့ ကြေညာထားပြီး စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၁၀၁၈ ယောက်နဲ့ အများဆုံး ဝင်ရောက်ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) က ၆၉၄ ယောက်၊ အကြွေးတွေရှိနေလို့ ရွေးကောက်ပွဲ ပြိုင်ခွင့်မရတဲ့ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ၆၇၂ ယောက်အပြင် နိုင်ငံရေးပါတီ စုစုပေါင်း ၅၀ ကျော်က ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော် ပါဝင်ယှဥ်ပြိုင်မယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

PDF တွေရဲ့သတင်း စုံစမ်းနေတဲ့ ရဲဒုတပ်ကြပ် ၂ ယောက် အသေပစ်ခတ် ဖမ်းဆီးခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ PDF တွေရဲ့သတင်း ထောက်လှမ်းနေတဲ့ ရဲဒုတပ်ကြပ်၂ ယောက်ကို အသေပစ်ခတ် ဖမ်းဆီးခဲ့​ရတယ်လို့ Tamar Myay Special Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်တွေနဲ့ အရပ်သားတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ကွန်မန်ဒိုသင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ၊ ကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ယောက် သေဆုံး၊ ၁၄ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အမှတ် ၁၀၀၉ တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆လသား နဲ့ ၆နှစ်အရွယ် ကလေးငယ်တွေအပါ ၃ယောက်သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၆လသား ကလေးငယ်အပါအဝင် ၃ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။
Read More

အနန်းကွင်း စစ်ကောင်စီတပ်စခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄၀ ကျော်သေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစစ်တပ်စခန်းကို စစ်ကူလာတဲ့ အင်အား ၁၅၀ ကျော်ပါ တပ်မ ၄၄ စစ်ကြောင်းကို​ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်သား အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF က ထုတ်ပြန်ထားပါတယ်။