အခုလက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ရေးပဋိပက္ခ၊ စီးပွားရေး အခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးတွေဟာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရသလဲဆိုတာကို စစ်တမ်းတွေက ဖော်ပြနေပါတယ်။
အထူးသဖြင့် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ အဆပေါင်းများစွာ မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ်။
အာဏာမသိမ်းခင် ကာလတွေမှာတောင် မြန်မာနိုင်ငံရဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်မှုက အားနည်းခဲ့တာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေး ပညာရှင် (Psychiatrists) နဲ့ ဝန်ထမ်းဦးရေဟာ လူတစ်သိန်းမှာ တစ်ယောက်တောင် မပြည့်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် အာဏာမသိမ်းခင်ကာလတွေမှာတော့ အရွယ်ရောက်ပြီးသူတွေကြားမှာ စိတ်ရောဂါဖြစ်ပွားမှုနှုန်းက ၁၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိခဲ့တယ်လို့ သုတေသီတချို့က ခန့်မှန်းခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အာဏာသိမ်းပြီးကာလမှာတော့ အခြေအနေတွေဟာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားကြောင်း မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အမျိုးသားအဆင့် စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
အဆိုပါ စစ်တမ်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူ သုံးပုံတစ်ပုံနီးပါး (၃၄.၉ ရာခိုင်နှုန်း) ဟာ စိတ်ကျန်းမာရေး ပြဿနာတစ်ခုခုကို ခံစားနေရကြောင်း၊ စိုးရိမ်ပူပန်မှု စိတ်အခြေအနေ ရှိသူတွေဟာ ၂၂.၂ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး စိတ်ဓာတ်ကျဆင်းမှု ခံစားနေရသူတွေဟာလည်း ၁၄.၃% ရှိနေကာ စိတ်ဒဏ်ရာလွန်စိတ်ဖိစီးမှုရောဂါ (PTSD) ရှိနေသူတွေကတော့ ၈.၁ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။

အဲဒီထဲကမှ ၈၀ ရာခိုင်နှုန်း နီးပါးဟာ နိုင်ငံရေးပြဿနာတွေကြောင့် အခုလို စိတ်အခြေအနေတွေ ဖြစ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါဟာ အရင်ကာလတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် စိတ်ဒဏ်ရာနဲ့ နိုင်ငံရေး ပဋိပက္ခတွေ တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတာကို မီးမောင်းထိုး ပြသနေတာပဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဥ် (UNDP) ရဲ့ အစီရင်ခံစာအရ လူကြီးတွေတင်မက လူငယ်တွေရဲ့ သုံးပုံတစ်ပုံနီးပါးဟာ မကြာခဏဆိုသလို စိုးရိမ်ပူပန်မှု ဒါမှမဟုတ် စိတ်ဖိစီးမှုတွေကို ခံစားနေရပြီး ပတ်ဝန်းကျင်မှာ လုံခြုံမှုမရှိဘူးလို့ ခံစားရတဲ့ လူငယ်တွေဆိုရင် စိတ်ဖိစီးမှု ဖြစ်နိုင်ခြေက နှစ်ဆ ပိုများတယ်လို့ ဆိုထားပါတယ်။
လူနေမှုဘဝ စီးပွားရေး ချွတ်ခြုံကျဆင်းမှုတွေကြောင့် လူငယ်တွေကအစ သက်ကြီးရွယ်အိုတွေပါမကျန် မိမိကိုယ်ကို အဆုံးစီရင်မှုတွေ များလာတာကိုလည်း အတိုင်းသား မြင်တွေ့နေရတဲ့ အခြေအနေလည်း ဖြစ်နေပါတယ်။
ဒီလိုအခြေအနေတွေကိုရင်ဆိုင်ဖို့ လူတွေဟာ စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးတွေအပြင်၊ အသက်ရှင်ကျန်ရစ်သူတွေ နာလန်ထူဖို့နဲ့ ဘဝတွေကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေကိုလည်း လိုအပ်နေတယ်လို့ WHO က အကြုံပြုထားပါတယ်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စိတ်ကျန်းမာရေး ကောင်းလာဖို့ ဆိုတာကတော့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရေးပဋိပက္ခတွေ အားလုံး ရပ်စဲပြီး ပြည်သူတွေအားလုံး လိုချင်တောင်းတနေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ဖြစ်လာမှ သာလျှင် ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိမှာပဲ ဖြစ်ပါတယ်။