လာမယ့် ၂၀၂၆ ခုနှစ်အစမှာ အဆင့်မြင့်ပညာကျောင်း နဲ့ ဆေးတက္ကသိုလ်တွေကို ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုလိုက်ပါတယ်။

လွတ်မြောက်ဒေသတွေမှာ ပညာရေးနဲ့ ပတ်သက်ပြီး အခြေခံပညာရေးကို အကောင်အထည်ဖော်နေပြီးဖြစ်လို့ အခုချိန်မှာ ထပ်မံလိုအပ်တဲ့ အဆင့်မြင့်ပညာနဲ့ နောက်ထပ် သက်မွေးပညာတွေကို သင်ကြားပေးဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုးက NUG အစိုးရအာဘော်ဖြစ်တဲ့ PVTV ရဲ့ယမန့်နေ့ကထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးအတွင်း အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပညာရေးအစီအစဥ်တွေကို လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ စတင်ဖို့ရည်မှန်းပြီး သက်မွေးပညာရေးကျောင်း၊ အဆင့်မြင့်ကျောင်း ၊ ဆေးနဲ့ပတ်သက်တဲ့ ဆေးတက္ကသိုလ်၊ ဆေးကျောင်းများ၊ သူနာပြုတက္ကသိုလ်၊ သူနာပြုကျောင်းနဲ့ အခြားလူထုကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကျောင်းတွေကို ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဒေါက်တာဇော်ဝေစိုးက ဆိုတာပါ။

“အခုဆိုရင် မြေပြင်ပညာရေးဝန်ကြီးရုံး ၊ မြေပြင်ကျန်းမာရေးဝန်ကြီးရုံး ရှိပါတယ်။ တည်ဆောက်မှုတွေ ပြုလုပ်နေပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး အကောင်အထည်ဖော်မှုတွေကို မြေပြင်မှာရှိတဲ့ဆရာ၊ ဆရာမတွေ၊ မြေပြင်မှာရှိတဲ့ ပညာရေးဝန်ဆောင်မှုတွေကို ပေးနေတဲ့ တော်လှန်ရေးအစကတည်းက အခုချိန်ထိပေးနေတဲ့ CDM ဆရာ ၊ဆရာမတွေ အင်အားစုတွေ့နဲ့ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ဆိုရင် CDM ကျန်းမာရေးစောင့်ရှောက်တဲ့သူတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တွေ့ဖြစ်တယ်.. တိုင်ပင်တယ်၊ ကျနော်တို့ရဲ့ လွတ်မြောက်ဒေသမှာရှိနေတဲ့ ပြည်သူတွေအတွက် အကောင်းဆုံးကျန်းမာရေး ၊ ပညာရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် တိုင်ပင်ဆွေးနွေးပြီး တည်ဆောက်မှုတွေ ပြုလုပ်နေပါတယ် ” လို့ ဒေါက်တာဇော်ဝေစိုးက ဆက်ပြောပါတယ်။

အဆိုပါကျောင်းတွေ ဖွင့်လှစ်မှာဖြစ်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အခုကတည်းက ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင်ကျောင်းတွေ ဆောက်လုပ်တဲ့နေရာဟာ လွတ်မြောက်နယ်မြေတွေ ဖြစ်တာကြောင့် အဆိုပါနေရာကို စစ်ကော်မရှင်တပ်သားတွေ ဝင်ရောက်လာနိုင်မှာ မဟုတ်သလို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှာကိုလည်း စိုးရိမ်စရာမလိုတဲ့ နေရာတွေဖြစ်ပြီး လေကြောင်းရန်တစ်ခုသာ စိုးရိမ်ရတဲ့အခြေနေရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကို အဓိကပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတာ ဖြစ်တာကြောင့် မြေအောက်ဆေးရုံအပါအဝင် လုံခြုံစိတ်ချရတဲ့ ဆေးရုံဆေးခန်းများကိုလည်း တည်ဆောက်နေတယ်လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“ကျနော်တို့ရဲဘော်တွေအတွက် … PDF တွေအတွက် အခမဲ့ စောင့်ရှောက်မှုပေးနေတာဖြစ်ပါတယ်။ မြေအောက်ဆေးရုံတွေ တည်ဆောက်နေတာ ဖြစ်ပါတယ်၊ လက်ရှိ မြေအောက်ဆေးရုံ ၁၀ ရုံတည် ဆောက်နေပြီး တော်လှန်ရေးထဲမှာရှိနေတဲ့ ရဲဘော်များအတွက် ဦးစားပေးတည်ဆောက်နေတာဖြစ်တယ် လို့လည်း ဆိုပါတယ်။

တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ ရဲဘော်တွေအတွက်လည်း ခြေတု၊ လက်တု များ တပ်ဆင်ပေးပြီး အဆိုပါတပ်ဆင်ပေးမှုဟာ ယာယီသဘောမျိုးမဟုတ်ပဲ ၎င်းတို့အသက် အရွယ်ကြီးရင့်လာတဲ့အထိ တာဝန်ယူဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကိုယ်လက်အင်္ဂါဆုံးရှုံးထားသူ ၄၀၀၀ ကျော်ထဲက ၂၀၀၀ လောက်ကိုတာ တပ်ဆင်ပေးနိုင်သေးတယ်လို့ သိရပါတယ်။

“ကိုယ်လက်အင်္ဂါစွန့်လွတ်ခဲ့ရတဲ့လူတွေဆိုရင် သူတို့ကို သူတို့ရဲ့လက်ရှိဘဝတွေထဲကို ပြန်ရောက်အောင် ခြေတု ၊ လက်တု တပ်ဆင်ပေးနေတာဖြစ်ပါတယ်။ တကယ်တမ်းတော့ ဒီခြေတု လက်တုတပ်တယ် ဆိုတာ တစ်ခါတပ်ရုံ နဲ့ ပြီးတာမဟုတ်ပါဘူး၊ သူတို့ရဲ့ တစ်သက်လုံးစာ၊ တစ်ဘဝလုံးစာအတွက် တပ်ပေးရမှာဖြစ်ပါတယ်၊ ၂ နှစ် ၊ ၃ နှစ် ရှိတဲ့အချိန်မှာ အသစ်လှဲပေးရမှာဖြစ်ပါတယ်၊ ဒါကြောင့် အခုချိန်မှာ အသက် ၂၀၊ ၂၅ ကိုယ်လက်အင်္ဂါ စွန့်လွတ်ရတဲ့သူတွေဆိုရင် သူတို့အသက် ၈၀ ၊ ၉၀ အထိ ကျနော်တို့တာဝန်ယူရမှာ ဖြစ်ပါတယ်” လို့ NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ကပြောပါတယ်။

တော်လှန်ရေးကာလအတွင်း အဂတိလိုက်စားမှုကို ခွင့်လွှတ်လို့ မရသလို၊ နောင်အခါတွေမှာလည်း ခွင့်လွှတ်လို့မရဘူးလို့လည်း ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။ အဆိုပါ အဂတိလိုက်စားမှုတွေကြောင့် ထိန်းသိမ်းခံရတဲ့ စီမံအုပ်ချုပ်သူတစ်ချို့ရှိသလို၊ အလုပ်တာဝန်တွေကနေ ရပ်စဲထားရတဲ့သူတွေလည်း ရှိတယ်၊ ဒါ့အပြင် အကြမ်းဖက်စစ်အာဏာရှင်တွေဟာ ခေတ်အဆက်ဆက် အဂတိလိုက်စားမှု နဲ့ တိုင်းပြည်ကိုတည်ဆောက်ခဲ့တာကြောင့် မိမိတို့တိုင်းပြည်ဟာ လက်ရှိကမ္ဘာပေါ်မှာ (ဝန်ဆောင်မှု) အညံ့ဆုံး အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်နေရတာဖြစ်တယ်လို့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ညစ်ညမ်းစာပေ ထုတ်ဝေတယ် ဟုဆိုကာ စစ်ကောင်စီက စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို လိုင်စင်ပိတ်သိမ်း

ညစ်ညမ်း စာပေထုတ်ဝေတယ်ဟုဆိုကာ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို စစ်ကောင်စီက လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြပါတယ်။ 
Read More

စစ်တပ်လက်နက်ကြီးကြောင့် ကျောက်တံခါးတွင် ၆နှစ် ကလေးငယ်အပါ အရပ်သား ၄ ဦး သေဆုံး

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီ အထိုင်တပ်တွေကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်လို့ ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား၄ ယောက် သေဆုံးခဲ့ကြောင်း ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃၄ ဦးအထိ သေဆုံးမှု ရှိ

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၃၄ ယောက်အထိ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တစ်နိုင်ငံလုံးကို နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီက လမ်းတံတားနဲ့ အဆောက်အဦတွေ ပျက်စီးရတာ တော်လှန်ရေးအင်အားစုတွေကြောင့် လို့ ပြော

တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတဝန်းက လမ်းတံတား၊ အဆောက်အဦတွေကို ဆင်ခြင်တုံတရားမဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်လို့  အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝေဖန်ပြောကြားလိုက်ပါတယ်။
Read More

ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာနိုင်သည်ဟု ပြည်သူအပေါ် ဆင်းရဲဒုက္ခမျိုးစုံ ပေးနေသည့် စစ်ကောင်စီ ဖိတ်ခေါ်

အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသတွေနဲ့ ပြည်ပကို ရောက်ရှိနေတဲ့ နိုင်ငံသားတွေ ပြန်လာနိုင်တယ်လို့ ဒီနေ့ မတ်လ ၂၁ရက်မှာ ဖိတ်ခေါ်လိုက်ပါတယ်။
Read More

ပေါက်ခေါင်းနဲ့ မင်းလှမှာ စစ်တပ်သတင်းပေးလုပ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းနဲ့ မင်းလှမြို့နယ်တို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။