ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁၁ ယောက်က သေနတ် ၈ လက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကလေးမြို့ပြပြောက်ကျား UG အဖွဲ့ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်က ချင်းပြည်နယ်အတွင်း ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းက စစ်မှုထမ်းဆင်း စစ်သားသစ် ၁၁ ယောက်ဟာ သေနတ် ၈ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ဟာ တပ်မ ၈ ၊ တပ်မ ၃၉၁ ၊ တပ်မ ၅၉ က စစ်မှုထမ်း အပတ်စဉ် ၄၊ ၆ ၊ ၇ ၊ ၈ သင်တန်းဆင်းတွေ ဖြစ်ပြီး အတင်းအဓမ္မ စစ်တပ်ထဲ စုဆောင်း ခံရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စစ်မှုထမ်းတပ်သားသစ် ၁၁ ယောက်ဟာ MA -1 သေနတ် ၆ လက် ၊ MA-3 သေနတ် ၂ လက် ၊ ကျည်ဘောက် ၁၅ ခုနဲ့ ကျည် ၅၆၂ တောင့်တို့ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

