မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါး ပျံလွန်တော်မူပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
ဇွန်လ ၅ရက်၊ မနေ့ညနေပိုင်းက သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ကျေးရွာမှာရှိတဲ့ဘုန်းကြီးကျောင်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီက တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း သိမ် ၁ဆောင် ပြိုကျပျက်စီးပြီး သက်တော် ၆၇ နှစ်အရွယ် သံဃာတော် ၁ ပါး ပျံလွန်တော်မူကာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာ ကိုယ်စီရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖက ထုတ်ပြန်ပါတယ်။
“တိုက်ပွဲမရှိဘဲ ဘုန်းကြီးကျောင်းကို သက်သက်ကြဲသွားတာပါ။ ပျံလွန်တော်မူသွားတဲ့ ဘုန်းဘုန်းရဲ့ဘွဲ့က ရှင်အရိယပါ။ ကျန်ထိခိုက်တဲ့သူတွေထဲ အမျိုးသမီးက လက်မောင်းကို မှန်တယ်။ အမျိုးသား ၃ယောက်က ခြေထောက်ရယ် ခါးရယ် ပေါင်ရယ် အသီးသီး ထိခိုက်ကြပါတယ်။ သူတို့ကစိုးရိမ်စရာတော့ မရှိပါဘူး” လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ဇွန်လ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်ထုတ်ထားပေမယ့် လက်တွေ့မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာ၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကိုပါ အဓိက ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်လာတာ ဖြစ်ပါတယ်။
“ပြင်ဦးလွင်ခရိုင်ထဲပါတဲ့ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်နဲ့ ပြင်ဦးလွင် ဒီ ၅ မြို့နယ်ကို စစ်ကောင်စီက နေ့တိုင်းလိုလို ဗုံးကြဲနေပါတယ်။ တိုက်ပွဲမရှိတာတောင် ကြဲနေတာပါ။ ဒါဟာ ကျနော်တို့ စိုးမိုးနယ်မြေတွေ တော်လှန်ရေးအားကောင်းရာနယ်မြေတွေမို့ ကျနော်တို့နယ်မြေထဲက ပြည်သူတွေကို ပြည်သူလို့မမြင်ဘဲ အခုလိုလေကြောင်းကနေ ရက်ရက်စက်စက် တိုက်ခိုက်နေတာပါ” လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက မောင်းကိုပြောခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်တွေ့ရသည့် ကြက်ရိုးပင်ရွာ ဘုန်းတော်ကြီးကျောင်းနှင့် ထိခိုက််ဒဏ်ရာရသူများ (ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်)






