ရုရှားနိုင်ငံအတွင်းရှိ လေတပ်အခြေစိုက်စခန်းတွေကို ဇွန်လ ၁ ရက် မနေ့က ယူကရိန်းရဲ့ S.B.U ထောက်လှမ်းရေးအေဂျင်စီက ဦးဆောင်ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
ရုရှားလေတပ်အခြေစိုက်စခန်းတွေရှိ လေယာဉ်ကွင်းတွေနဲ့ နီးကပ်တဲ့ နေရာတစ်ခုကနေ ယူကရိန်းထောက်လှမ်းရေးတွေက FPV ဒရုန်းတွေ လွှတ်တင်ကာ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းရဲ့ အဆိုပါတိုက်ခိုက်မှုတွေအတွင်း ရုရှား လေယာဉ်အများအပြား မီးလောင်ပျက်စီးခဲ့ကာ ပျက်စီးမှုတွေထဲမှာ ရုရှားရဲ့ ဗျူဟာမြောက် စစ်လေယာဉ်တွေဖြစ်တဲ့ Tu-95 ၊ Tu-22M ဗုံးကြဲလေယာဉ်တွေနဲ့ A-50 ထောက်လှမ်းရေးလေယာဉ်တွေ ပါဝင်ပြီး ရုရှားအနေနဲ့ ဒေါ်လာ ၇ ဘီလီယံ (ယူရို ၆.၁၇ ဘီလီယံ) ခန့် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ရုရှားပိုင်နက် အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ S.B.U ရဲ့ တိုက်ခိုက်မှုအတွင်း ရုရှားလေယာဉ်အစင်း ၄၀ ကျော် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းလုံခြုံရေးအရာရှိက ပြောကြားကြောင်း AP သတင်းမှာလည်း ဖော်ပြထားပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ အဆိုပါတိုက်ခိုက်မှုကြောင့် ရုရှားလေယာဥ်အများအပြား ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် အတိအကျကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
ယူကရိန်းသမ္မတ ဇယ်လန်စကီးကလည်း အခုစစ်ဆင်ရေးအတွက် အစီအစဉ်ကို တစ်နှစ်ခွဲခန့် ကြိုတင်ပြင်ဆင်ခဲ့ရပြီး တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့သူတွေကို ရုရှားကနေ ပြန်လည်ခေါ်ယူပြီးဖြစ်တယ်လို့ ဆိုပါတယ်။