မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က တစ်ဖက်သတ် အပစ်ရပ်ကာလကို ၁ လ ထပ်မံသက်တမ်းတိုးကြောင်း ဒီနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲ လုပ်ငန်းတွေဖြစ်တဲ့ တိုက်တာအဆောက်အဦး ရှင်းလင်းရေးနဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့အတွက် တစ်ဖက်သတ် အပစ်ရပ်ကာလကို ဇွန်လ ၂ ရက် ဒီနေ့ကနေ ဇွန်လ ၃၀ ရက်အထိ ထပ်မံသက်တမ်းတိုးကြောင်း ဖော်ပြထားပါတယ်။
အင်အားပြင်း စစ်ကိုင်းငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးတွေ ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းစဥ်တွေဟာ ၂ လကြာတဲ့အထိ မပြီးစီးတဲ့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် အဆောက်အဦးတွေ ထပ်မံပြိုကျပျက်စီးတာတွေ ကြားသိရတဲ့အတွက် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ တစ်ဖက်သတ် အပစ်ရပ်ကာလကို သက်တမ်းတိုးလိုက်တာ ဖြစ်တယ်လို့ ညီနောင် ၃ ဖွဲ့က ဆိုပါတယ်။
အခုထုတ်ပြန်ကြေညာချိန်ကစလို့ ညီနောင် ၃ ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ မိမိကိုယ်မိမိ ခုခံကာကွယ်တဲ့ တုံ့ပြန်မှုမျိုးကလွဲလို့ စတင်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။