ကော့မြစ်အတွင်း အာဆင်းနစ်နဲ့ သတ္တုပျော်ဝင်မှုကြောင့် မြစ်ရေညစ်ညမ်းရတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံမယ့်အကြောင်း ထိုင်းဒုဝန်ကြီးချုပ် Prasert Jantararauangtong က ပြောပါတယ်။
ရေပြင်အရည်အသွေး မြှင့်တင်ရေး အထူးဆပ်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ Mr. Prasert ဟာ အင်္ဂါနေ့က ချင်းရိုင်ခရိုင်မြို့တော်ခန်းမမှာ အစည်းအဝေးကို ဦးဆောင်ခဲ့တာပါ။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်နဲ့ ချင်းရိုင်တို့မှာ စီးဆင်းနေတဲ့ ကော့မြစ်ရဲ့ မြစ်ဖျားပိုင်းမှာ ရွှေတူးဖော်မှုကြောင့် ညစ်ညမ်းမှုဆိုင်ရာ စိုးရိမ်ချက်တွေကို အစိုးရက ဦးစားပေးလုပ်ဆောင်ခဲ့ကြောင်း၊ အဲဒီကိစ္စအတွက် မြန်မာနဲ့ ညှိနှိုင်းမှုတွေက အကဲဆတ်နိုင်ကြောင်း၊ ဆွေးနွေးမှုတွေက လုပ်ငန်းလည်ပတ်မှုအဆင့်မှာသာ ပြုလုပ်ခဲ့ပြီး မူဝါဒအဆင့်မပါဝင်သေးကြောင်း၊ ညှိနှိုင်းရေးအတွက် သူ့ရဲ့ မြန်မာခရီးစဉ်မတိုင်မီ နိုင်ငံခြားရေးဌာနက လုပ်ငန်းဆောင်ရွက်နေကြောင်း Prasert က ဆိုပါတယ်။
“ကျနော်တို့မှာ ဂြိုလ်တုဓာတ်ပုံတွေ ရှိတယ်။ (ထိုင်းနဲ့ မြန်မာအနေနဲ့) အဖြေတွေမရှာခင်မှာ ပြဿနာရဲ့ မူလဇစ်မြစ်ကို သဘောတူညီမှုရှိရမယ်” လို့ သူက ပြောပါတယ်။

သဘာဝရင်းမြစ်အမျိုးမျိုးက ရေတွေကို စမ်းသပ်မှုမှာတော့ ရလဒ်တွေက အများအားဖြင့် ပုံမှန်ဖြစ်ပေမယ့် ထိုင်း-မြန်မာနယ်စပ်ဒေသမှာတော့ အာဆင်းနစ်ပမာဏက ပုံမှန်ထက် ပိုများနေကြောင်း သူကဆိုပါတယ်။
တချိန်တည်းမှာပဲ ထိုင်းအထက်လွှတ်တော်အမတ် Angkhana Neelapaijit က ထိုင်းအစိုးရအနေနဲ့ ဒီကိစ္စဆွေးနွေးဖို့ “တရုတ်နဲ့ နီးကပ်တဲ့ဆက်ဆံရေး” ကို အသုံးချသင့်ကြောင်းပြောပါတယ်။
ရွှေတွင်းတည်ရှိရာ ဝပြည်နယ်ဟာ ကုလသမဂ္ဂက အသိအမှတ်မပြုထားတာကြောင့် ထိုင်းအနေနဲ့ အဲဒီက အာဏာပိုင်တွေနဲ့ ညှိလို့မရကြောင်း၊ အဲဒီအစား (တရုတ်) သတ္တုတွင်းကုမ္ပဏီတွေနဲ့ ဆွေးနွေးဖို့ တာဝန်ယူခိုင်းရမှာဖြစ်ကြောင်း Ms Angkhana က ပြောဆိုပါတယ်။
မူရင်းသတင်း – Prasert plots Myanmar talks on Kok River