မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်တပ်တွေ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို တပ်ဖွဲ့ဝင် ၁ ယောက်လည်း ကျဆုံးခဲ့ရကြောင်း United States Of Burma Army – USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီးရွာနဲ့ မလွန်ရွာ အခြေစိုက် ကပစ (၁၀) နဲ့ ကပစ (၂)က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လင်းကယ် ရဲစခန်းနေ စစ်အုပ်စုတွေဟာ အင်အား ၈၀ နီးပါးနဲ့ လင်းကယ်တိုက်နယ်အတွင်းကို မေလ (၂၀) ရက်နေ့မှာ စတင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒရုန်းအပါအဝင် လက်နက်ကြီးအားသာချက်တွေနဲ့အတူ ဝင်ရောက်လာခဲ့တာဖြစ်ပြီး စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က အာရုံစိုက်လှုပ်ရှားနေချိန် သရက်အခြေစိုက် ကပစ (၁၂) ကနေ အင်အား ၅၀ နီးပါးနဲ့ နောက်ထပ်စစ်ကြောင်းတစ်ခု ထပ်ထွက်လာခဲ့ကြောင်း သိရပါတယ်။
စစ်ကြောင်းဟာ မေလ ၂၃ ရက်နေ့မှာ မင်းတုန်းမြို့နယ် အရှေ့မြောက်ခြမ်း ကျေးရွာတွေကို အလစ်အငိုက်ဝင်ရောက်ရင်း နှစ်ဖက် ပိတ်ဆို့ စစ်ကြောင်းထိုးလာတာလို့ ကိုဗဟိန်းက ပြောပါတယ်။
မေလ (၂၃) ရက် ညပိုင်းမှာတော့ မင်းတုန်းမြို့နယ်၊ ကျွဲခြံရွာစာသင်းကျောင်းအတွင်း အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို United States Of Burma Army – USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) အဖွဲ့ဝင်တွေက ပြောက်ကျားနည်းနဲ့ ၂ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေလ (၂၅) ရက်နေ့၊ ညနေပိုင်းမှာလည်း အထက်ပါအကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ရွာယာကျေးရွာအနီးမှာ ထိတွေ့မှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“၂၃ ရက်နေ့ညက ဒီကောင်တွေ ကျွဲခြံ စာသင်ကျောင်းထဲကနေ စစ်ကြောင်းထိုးဖို့ပြူတစ်ပြူတစ်နဲ့ လုပ်တယ်ပေါ့။ အဲ့ဒါ ညဘက်ကြီးစစ်ကြောင်းထိုးမယ်ဆိုရင် အရပ်သားတွေ တိမ်းရရှောင်ရနဲ့ ဒုက္ခများမှာစိုးလို့ ညတွင်းချင်း ပြောက်ကျား၂ ခါ ပစ်ပြီး ထိန်းခဲ့တာပါ။ ၂၅ ရက်နေ့ကလည်း စစ်ကြောင်းပျောက်နေတယ်ထင်တာ သူတို့က အရပ်သားတွေရှိရာ တည့်တည့်ထိုးလာတော့ ကျနော်တို့နဲ့ အနီးကပ်ထိတွေ့မှုဖြစ်ခဲ့တာပါ။” လို့ United States Of Burma Army – USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။
မေလ ၂၅ ရက်နေ့ ထိတွေ့မှုအတွင်း United States Of Burma Army – USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) ရဲ့ တပ်ဖွဲ့ဝင် လှိုင်ဘွား ကျဆုံးခဲ့ကြောင်း ကိုဗဟိန်းက ပြောပါတယ်။
“ပစ်ခတ်မှုအတွင်း သူတို့က လက်နက်ကြီးတွေရော စက်ကလေးတွေနဲ့ရော ငါးကြင်းမြီးတွေနဲ့ပါထောက်ကြတယ်ပေါ့။ သူတို့နဲ့ ခဲယမ်းကွာဟသလို ပစ်အားချင်းမယှဥ်နိုင်တော့ ကျနော်တို့ ရဲဘော်၁ယောက် ကျခဲ့ရတယ်ပေါ့။ ဘေးကင်းအောင်ပဲ ဆုတ်ခဲ့ရပါတယ်။ ပထမ ၂ကြိမ် သူတို့ဘက်ပဲ ထိခိုက်မှုရှိပါတယ်။ အတိအကျ မသိသေးလို့ပါ။ တတိယအကြိမ်ကတော့ သူတို့ဘက်ကထိခိုက်မှု ရှိချင်မှရှိိပါမယ်” လို့ United States Of Burma Army – USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကို ပြောခဲ့ပါတယ်။