ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ကနဲလေး စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မေလ ၂၁ ရက်က စတင်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ကနဲလေးစစ်စခန်းကို မေလ ၂၈ ရက် မနေ့ကညပိုင်းမှာတော့ KNLA ပူးပေါင်းတပ်တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မနေ့က နေ့လည်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင်ဒေသအနီးမှာ KNLA ပူးပေါင်းတပ်တွေက စစ်ကြောင်းတစ်ခုလုံး ပျက်တဲ့အထိ တိုက်ခိုက်ခဲ့ပါသေးတယ်။
KNU အနေနဲ့ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီရဲ့ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်း၊ မယ်လစခန်း၊ မော်ဖိုးကေစစ်စခန်းနဲ့ ဘလက်ဒိုစခန်းတွေကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။