ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
KNU တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ ကော့ကရိတ် မြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ကနဲလေး တပ်စခန်းကို မေလ (၂၇) ရက် မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်တွေ စတင်တိုက်ခိုက်ခဲ့ပြီး ၁ ရက်ခွဲခန့်အကြာ မေလ (၂၈) ရက် မနေ့က ညနေပိုင်းမှာတော့ ကနဲလေးတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစခန်းသိမ်းတိုက်ပွဲကို KNU တပ်မဟာ (၆) ဦးဆောင်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
