မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဆွဲထားတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တော်သား ၈ ယောက် မျက်မြင်သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၅ ရက်၊ နေ့လယ် ၁၀ နာရီက စတင်ပြီး မြင်းခြံမြို့ရှိ ခရိုင်ရုံး၊ ရဲသင်တန်းကျောင်း၊အမှတ် ၁၈ ရပ်ကွက် ဇီးခြံကာကင်းဂိတ်စခန်းနဲ့ အမှတ် ၁၈ ရပ်ကွက် စကားဝါကာကင်းဂိတ်စခန်းတို့ကို ၉ /အညာမြေစစ်ဆင်ရေးအတွင်း MBT တပ်ဖွဲ့ အနေနဲ့ အဓိကထား တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“အဓိကကတော့ ၉/ အညာမြ စစ်ဆင်ရေးမှာ ကျနော်တို့က မြို့ပြင်စစ်ဆင်ရေးထက်ကို မြို့ပြ စစ်ဆင်ရေးကို ဦးစားပေး လုပ်ခဲ့တာပေါ့နော်။ မြို့ထဲ စစ်ရေးမစ်ရှင်တွေကို တပြိုင်နက် လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူတွေအနေနဲ့ မြို့တွင်းမှာဆို သူတို့ လုံခြုံနေတယ်ဆိုတာ မဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ ပြီးတော့ ပြည်သူတွေကိုပေါ့နော် မြို့ဆိုတာ သိမ်းလို့ရတယ် ထိန်းဖို့က ခက်နေတာဆိုတဲ့ သတင်းကောင်းကိုလည်း ပေးချင်တာပါ။ ဒီဟာက မြို့သိမ်းတိုက်ပွဲရဲ့ ခြေလှမ်းအစလည်း ဖြစ်သွားနိုင်ပါတယ်” လို့ MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
မြို့တွင်းစစ်ရေးပစ်မှတ် (၄)ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က အရန်တပ်သား (၁)ယောက်၊ အမျိုးသမီး ပျူစောထီး (၂)ယောက်နဲ့ အမျိုးသားပျူစောထီး (၅)ယောက် စုစုပေါင်း (၈)ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးမှာ MBTတပ်ဖွဲ့နဲ့အတူ Burmese Guerrilla force (BGF)နဲ့ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပါဝင် အားဖြည့်ခဲ့ပြီး ယခု စစ်ဆင်ရေးမှသည် မြို့သိမ်းစစ်ဆင်ရေးအထိ အရောက်သွားဖို့ Myingyan Black Tiger(MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်းအနေနဲ့ ကြိုးစားသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။