ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်လာပါတယ်။
မေလ ၂၆ ရက်၊ မနေ့က မနက် ၆ နာရီအချိန်မှာ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်က ထန်းပင်ကုန်းအုပ်စု၊ ထန်းပင်ကုန်းကျေးရွာ၊ ဗိုလ်ရုံစုမှာ အင်အား ၃၀ကျော်နဲ့ အထိုင်ချ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် မနက် ၉ နာရီ ၃၀ မိနစ်ခန့်မှာ စစ်ကောင်စီရဲ့ ခမရ (၆) တိမ်မြုပ်တပ်ကနေ သူတို့ တပ်စခန်းကို လက်မလွှတ်ရရေးအတွက် လက်နက်ကြီး ပစ်ကူပေးတာကြောင့် တော်လှန်ရေးရဲဘော်တွေက အနည်းငယ် နောက်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။
ညနေ ၅ နာရီအချိန်မှာလည်း အဆိုပါတပ်စခန်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ၁နာရီကျော်ကြာဖြစ်ပွါးခဲ့ပါတယ်။ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က အထိနာသွားပြီး တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ တပ်သား ၈ယောက်ရဲ့ အလောင်းတွေကို သယ်ကာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
အဲဒီနောက် တော်လှန်ရေးရဲဘော်တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ စခန်းအတွင်းက ၆၀မမ အသီး ၁၂လုံး၊ လက်ပစ်သီး ၅လုံး၊ ၅.၅၆ကျည် ၃၀၀တောင့်၊ အီနာဂါပို့ကျည် ၅တောင့်၊ တူမီး ၁လက်၊ ဆန် ၂အိတ်၊ စားဆီ ၁ပုံး၊ ဖိနပ် ၂ရံ၊ အီကွေ့မန့် ၃ခု၊ ဘောင်းဘီ ၂ထည်၊ ဦးထုပ် ၃လုံးကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်စခန်းကိုတော့ မီးရှို့ရှင်းလင်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။