ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြေစီးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ချစ်လင်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မေလ ၂၇ ရက် ဒီနေ့မနက် ၁၁ နာရီ ၃၀ မိနစ်အချိန်မှာ အဆိုပါ အုပ်ချုပ်ရေးမှူး ချစ်လင်းကို သူရဲ့ နေအိမ်မှာပဲ ဝင်ရောက် ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အုပ်ချုပ်ရေးမှူး ချစ်လင်းဟာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတာ ကြာပြီဖြစ်သလို စစ်ကောင်စီရဲ့ မတရား စစ်မှုထမ်းဥပဒေအတွက်လည်း ကူညီပေးနေတယ်လို့ ဆိုပါတယ်။
“သူက အုပ်ချုပ်ရေးမှူး မဖြစ်ခင်ကတည်းက စကစတွေနဲ့ ပေါင်းပြီး လက်ကိုင်တုတ် လုပ်နေတာပါ။ အုပ်ချုပ်ရေးမှူးဖြစ်လာတာ ၈ လလောက်ပဲ ရှိသေးတယ်။ စစ်မှုထမ်းအကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးဖို့ စစ်ကောင်စီကို ကူညီပေးနေတာ။ သူကိုယ်တိုင် လိုက်ပါဖမ်းဆီးပေးနေတယ်လို့ တိုင်ကြားလာလို့ သွားရောက်ရှင်းလင်းလိုက်တာပါ” လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။
