မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လိုက်လံတိုက်ခိုက်ရာ စစ်သားအလောင်း ၈ လောင်းနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) – Pakokku Special Task Force က မနေ့က ထုတ်ပြန်ပါတယ်။
အောင်သာကျေးရွာ ပျူစောထီးစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာကနေ မြိုင်နယ်တစ်လျှောက် ပေါက်မြိုင်ကမ္မ စုဖွဲ့တပ်နဲ့အတူ ပူးပေါင်းပြီး လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မေလ ၁ ရက်ကစလို့ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၁၀၁ ၊ ခလရ ၂၅၄ တပ်ရင်းစစ်ကြောင်းကို လိုက်လံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကြောင်း အထိနာပြီး မေလ ၇ ရက်မှာတော့ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ ဌာနချုပ်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပခုက္ကူမြို့နယ် ပကဖ က ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကြောင်းဆီက MA1 သေနတ် ၁ လက်၊ ကျည် ၅၀၀ ကျော်၊ ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်သားအလောင်း ၈ လောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ၊ ပါရာမော်တာ၊ Y12 လေယာဥ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ တပ်ရင်း(၁) ၊ပေါက်မြိုင်ကမ္မ ပကဖစုဖွဲ့မှုတပ်၊ မြိုင်ပကဖ၊ ပေါက်ပကဖ၊ ကမ္မတပ်ပေါင်းစု၊ ပခုက္ကူခရိုင် အမှတ် (၂/၆/၇/၁၄/၁၅/၁၇) တပ်ရင်းတွေ၊ ကျောင်းသားတပ်မတော် (ABSDF) ၊ 8+တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု၊ PLCတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ PPDF ၊ Bo Brother တပ်ပေါင်းစု ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ၊ Earthquake တပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။