ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၆၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဘလယ်ဒိုကျေးရွာအနီး အင်အား ၁၀၀ နီးပါ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို မေလ ၂၃ ရက် မနေ့ ညနေပိုင်းအချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်သား ၆၀ ကျော် လက်နက်ချအညံ့ခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးသူ များပြားပြီး စစ်သား အယောက် ၃၀ နီးပါးက ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်နဲ့ ထိုင်းသတင်းတွေအရ သိရပါတယ်။
အဆိုပါစခန်းသိမ်းတိုက်ပွဲကို တပ်မဟာ ၆ ဦးဆောင်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ KNU ကလည်း တရားဝင်ထုတ်ပြန်ထားပါတယ်။
ဘလယ်ဒိုစစ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လကလည်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပြီး အခုတစ်ကြိမ်မှာလည်း ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ KNLA ပူးပေါင်းတပ်တွေဟည သေ့ဘောဘိုးစစ်တပ်စခန်း၊ ဝေါလေစစ်ဗျူဟာ၊ ကနဲလေးစခန်း၊ ထီကပလယ်စခန်း၊ ဥကရစ်ထစခန်း စတဲ့စစ်ကောင်စီတပ်စခန်းတွေကိုလည်း ၀ိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ပုံစာ − ဘလယ်ဒို စစ်ကောင်စီတပ်စခန်းမှ သိမ်းပိုက်ရရှိတဲ့ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ
ဓာတ်ပုံ – KNU နဲ့ လူမှုကွန်ရက်