မလေးရှားနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပမယ့် ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် အာဆီယံက ပြင်ဆင်နေရာ မြန်မာစစ်အုပ်စုနဲ့ ဆက်လက်ထိတွေ့ဆက်ဆံဖို့ စီစဉ်လုပ်ဆောင်နေတဲ့အပေါ် ရှုတ်ချကြောင်း Defend Myanmar Democracy (DMD) က ထုတ်ပြန်ပါတယ်။
အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ ဆက်ဆံရေးအားလုံး ရပ်တန့်ဖို့ လိုအပ်ပြီး အာဆီယံအတွင်း မြန်မာစစ်အုပ်စုရဲ့ ပါဝင်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့ DMD က တောင်းဆိုထားပါတယ်။
“စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးမှုတိုင်းက သူတို့ကို အင်အားပိုကောင်းလာဖို့ အားဆေးကျွေးနေတာပဲဖြစ်တယ်၊ ငြိမ်းချမ်းရေးအတွက် မဟုတ်ဘူး။ အာဆီယံအနေနဲ့ ဒါကို သံခင်းတမန်ခင်းပြောပြီး ဟန်ဆောင်နေတာတွေကို ရပ်ပါ။ ဒါက ကြံရာပါ နေတာပါ” လို့ DMD ပြောရေးဆိုခွင့်ရှိသူ ကိုနော်အောင်က ပြောပါတယ်။
စာသင်ကျောင်းတွေနဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ သန်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်စေတာတွေ အပါအဝင် စစ်ရာဇဝတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အာဆီယံက ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် မအောင်မြင်တဲ့ စစ်အာဏာသိမ်းကြိုးပမ်းမှု စတင်ချိန်ကစလို့ အာဆီယံက မြန်မာစစ်အုပ်စုကို စားပွဲဝိုင်းမှာ ပါဝင်နိုင်အောင် ထပ်ခါတလဲလဲနေရာပေး ကမ်းလှမ်းခဲ့သလို အဆိုပါ စားပွဲဝိုင်းထိုင်နေသူတွေရဲ့ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေမှုတွေအပေါ် မျက်ကွယ်ပြုထားခဲ့တယ်လို့ DMD က ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄,၀၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်ကာ အရေးပါတဲ့ အဆောက်အဦးတွေကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၁၂ ရက်က ဒီပဲယင်းမြို့နယ်အတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက် အသက်ဆုံးရှုံးခဲ့တဲ့ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ရပ်ဟာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ဥပဒေတွေကို လုံးဝမထီမဲ့မြင်ပြုကြောင်း ပြသလိုက်တဲ့ ကြောက်မက်ဖွယ်ရာ နောက်ထပ် ဥပမာတစ်ခု ဖြစ်တယ်လို့ DMD ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အာဆီယံအနေနဲ့ စစ်အုပ်စုနဲ့ ဆက်ဆံရေးအားလုံးကို ချက်ချင်းရပ်တန့်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs)တွေရဲ့ တရားဝင်ကိုယ်စားလှယ်တွေနဲ့ ထိတွေ့လုပ်ဆောင်ဖို့ တောင်းဆိုတယ်လို့ DMD က ဆိုပါတယ်။
ဒါ့အပြင် အောင်မြင်မှုမရှိတဲ့ အာဆီယံဘုံသဘောတူညီမှု ၅ ချက် ကို ကျော်လွန်ပြီး မြန်မာ့အရေးကို မြန်မာပြည်သူတွေက ဦးဆောင်နိုင်တဲ့ ဖြေရှင်းနည်းတစ်ရပ်ကို ထောက်ခံအားပေးဖို့နဲ့ စစ်အုပ်စုနဲ့ စေ့စပ်ညှိနှိုင်းဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအပေါ် ဖိအားပေးနေတာတွေကို ရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။
Defend Myanmar Democracy အဖွဲ့အနေနဲ့ စစ်အုပ်စုကို နိုင်ငံတကာက အကာအကွယ်ပြုနေမယ့် တိတ်တဆိတ် သံခင်းတမန်ခင်း ဒါမှမဟုတ် ကြားဝင်စေ့စပ်ညှိနှိုင်းခြင်းတွေကို လုံးဝ ငြင်းပယ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“အာဆီယံရဲ့ သိက္ခာက သူတို့ရဲ့ အပြောတမျိုးအလုပ်တမျိုး ကြောင်သူတော်လုပ်ရပ်တွေ အောက်မှာပဲ တစစီပြိုလဲပျက်စီးနေပါပြီ” လို့ DMD ပြောရေးဆိုခွင့်ရှိသူ ကိုနော်အောင်က ပြောဆိုထားပါတယ်။