ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) စစ်ရေးနဲ့ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီးစောထူးထူးလေးရဲ့ ဈာပနအခမ်းအနားပြုလုပ်တဲ့ ပုံရိပ်တွေကို KNU က မနေ့ကညပိုင်းမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
မေလ ၁၇ ရက် ညပိုင်းအချိန် ခရစ်တော်မှာ အိပ်ပျော်ခဲ့(ကွယ်လွန်)တဲ့ ဗိုလ်မှူးကြီး စောထူးထူးလေးကို ၁၉၄၇ ခုနှစ် မေလ ၂၆ ရက်က ရန်ကုန်မြို့မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စတင်တည်ထောင်ခဲ့သူ ဖခင် ဗိုလ်မှူးကြီး စကော်မော်လေးနဲ့ မိခင် နော်စောရီတို့က မွေးဖွားခဲ့ပြီး မောင်နှမ ၃ ယောက်အထဲ အကြီးဆုံးသား ဖြစ်ပါတယ်။
စစ်အစိုးရလက်ထက် တရားရုံးချုပ်ရှေ့နေဖြစ်ခဲ့တဲ့ စောထူးထူးလေးဟာ ၁၉၇၆ ခုနှစ် ဖားအံမြို့ကို ရောက်ရှိ လာပြီးနောက် တာဝန်အရ ကျေးရွာတွေကို လိုက်လံလှည့်လည်ချိန် မြန်မာစစ်တပ်က ကျေးရွာသူ၊ ကျေးရွာသားတွေကို ညှင်းပန်းနှိပ်စက်ခြင်း၊ တပ်သားတွေအတွက် အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း၊ ပစ္စည်းတွေ သိမ်းယူခြင်းနဲ့ ရွာသားတွေရဲ့ လုံခြုံမှုမရှိခြင်းတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးနောက် ၁၉၇၇ ခုနှစ် နှောင်းပိုင်းမှာ ထိုင်းမြန်မာနယ်စပ်အနီးရှိ KNU ဌာနချုပ်ကို ရောက်ရှိလာကာ KNU နဲ့ UG လှုပ်ရှားမှုတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်ထောက်လှမ်းရေးတွေရဲ့ စောင့်ကြည့်ခံခဲ့ရတဲ့အတွက် ၁၉၇၉ ခုနှစ် ဇွန်လ ၁၇ ရက်မှာတော့ မိသားစုနဲ့အတူ ဖားအံမြို့ကနေ ထွက်ခွာပြီး KNU တပ်မဟာ(၆) အုပ်ချုပ်နယ်မြေ၊ ဖလူးကို ရောက်ရှိလာခဲ့ရာကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၀၁) မှာ အမျိုးသား တော်လှန်ရေးကို ထဲထဲဝင်ဝင် စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
၁၉၉၇ ခုနှစ်မှာ ဗိုလ်မှူးကြီး စောထူးထူးလေးဟာ အမေရိကန် ရေတပ်အမှုထမ်းဟောင်း တစ်ယောက်ဖြစ်သူ ဒေ့ဗစ်ယူဘန်း (David Eubank) နဲ့ တွေ့ဆုံဆွေးနွေးပြီး ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်တွေကို လူမှုကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးအကူအညီတွေ ပေးနိုင်ဖို့အတွက် Free Burma Ranger ကို တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။
KNU ရဲ့ ၁၅ ကြိမ်မြောက်ကွန်ကရက်ကစလို့ ကွယ်လွန်ချိန်အထိ ဗိုလ်မှူးကြီး စောထူးထူးလေးကို KNU ရဲ့ စစ်ရေးနဲ့ နိုင်ငံရေးအကြံပေးအဖြစ် တရားဝင်ပေးအပ်ပြီး တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။