ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ တိုက်ပွဲတွေမှာ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ဝေါ၊ ကဝ၊ အင်းတကော်၊ ဘုရားကြီး၊ ဒိုက်ဦး၊ သနပ်ပင်မြို့နယ်တို့က ပကဖ တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၅၉၈) တပ်ရင်းဌာနချုပ်ကို KNLA နဲ့ NUG,MOD စစ်ဆင်ရေး(၁၊၂) တပ်ရင်းတပ်ဖွဲ့တွေ၊ စစ်ကြောင်းတွေ၊ ရန်ကုန်တ်ိုင်းပကဖ၊ ပဲခူးတိုင်းပကဖ တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေက မေလ ၈ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ခမရ(၅၉၈)တပ်ရင်းဌာနချုပ် တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီဟာ ရွှေကျင်မြို့နယ်ကို စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်နေတာကြောင့် PDF တပ်ရင်းတွေနဲ့ ပကဖတွေ စုပေါင်းကာ ခုခံကာကွယ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်အထိ ပဲခူးတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။