မကွေးတိုင်း၊ ငဖဲဒေသမှာ အခြေခံပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးချုပ်နှောင်တာအပါအဝင် ပညာသင်ကြားမှုနဲ့သက်ဆိုင်တဲ့ ကိစ္စတွေထဲ ဝင်ရောက်စွက်ဖက်တာမျိုးတွေ လုံးဝလုပ်ဆောင်သွားမှာမဟုတ်ကြောင်းနဲ့ ဒီလိုမျိုး လုပ်ဆောင်သူတွေကိုလည်း တားမြစ်အရေးယူသွားမှာဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
မကြာခင် ရောက်ရှိတော့မယ့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် မစတင်ခင်မှာ Chin Defense Force -Asho က အခုလို ထုတ်ပြန်လာတာဖြစ်ပြီး ရခိုင်ရိုးမရှိရာ ငဖဲမြို့နယ်အတွင်းက မြေပြန့်နဲ့ တောင်ပေါ်ဒေသမှာ လာရောက်တာဝန်ထမ်းဆောင်မယ့် အခြေခံကျောင်း ဆရာဆရာမတွေအတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။
အခြေခံပညာအဆင့် ဆရာဆရာမတွေကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ၊ နှောင့်ယှက်ဟန့်တားတွေအပါအဝင် ပညာရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှာမဟုတ်ကြောင်း၊ တားမြစ်သူတွေကိုလည်း အရေးယူဖမ်းဆီးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် အခြေခံပညာ ကျောင်းဆရာဆရာမတွေအနေနဲ့လည်း ကလေးငယ်တွေအပေါ် စေတနာ၊ ဝါသနာ၊ အနစ်နာ စတဲ့ အချက်၃ချက်နဲ့ သင်ကြားပေးကြဖို့ CDF Asho က တိုက်တွန်းထားပါသေးတယ်။
ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃ထောင်ကျော်၊ ၄ထောင်လောက်မှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့ ငဖဲမြို့နယ်အတွင်းက ကျေးရွာတွေမှာ အာဏာသိမ်းကာလ မတိုင်ခင်တည်းက လာရောက်တာဝန်ထမ်းဆောင်တဲ့ ဆရာ၊ ဆရာမ အင်အားနည်းပါးသလို တာဝန်ထမ်းဖို့ငြင်းဆန်တဲ့သူတွေလည်းရှိခဲ့ရာ ပညာရေးအတွက် အစစအရာရာ နောက်ကျခဲ့တယ်လို့ ဆလိုင်းရိုးချင်းကပြောပါတယ်။
“အာဏာသိမ်း ၄နှစ်တာကာလမှာလည်း စစ်ပွဲတွေကြောင့် ပညာရေးပိုင်း အားနည်းမှုတွေရှိတယ်လို့ မြင်တယ်။ ပညာရေးက နောက်ကျခဲ့ပြီးပြီဆိုပေမယ့် ဒီထက်ပိုနောက်မကျအောင် အမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့ ဒီလိုထုတ်ပြန်ရတာပါ။ ဆရာဆရာမတွေပြောတဲ့ တော်လှန်ရေးအဖွဲ့တွေကို ကြောက်ရတယ်။ အခြားဒေသကဖြစ်စဥ်တွေလို ဖမ်းဆီးခံရနိုင်တယ်ဆိုတာမျိုးတွေ တွေးနိုင်လို့ထုတ်ပြန်ရတာပါ။ အဓိကက ပြည်သူမနာဖို့နဲ့ ပြည်သူ့ကောင်းကျိုးကြည့်တာမို့ စိတ်လုံပါတယ်” လို့ ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကိုပြောပါတယ်။
ချင်းကာကွယ်ရေးတပ်-အရှို အနေနဲ့ စစ်ရေးပစ်မှတ်တွေကိုသာ တိုက်ခိုက်ကြောင်းနဲ့ ချင်းလူမျိုးနဲ့ ပြည်သူလူထုအပေါ် သစ္စာစောင့်သိကာ ဂုဏ်သိက္ခာနဲ့ ရဲရင့်မှုတွေကို အခြေခံတဲ့ စစ်သည်တော်ကျင့်ဝတ်တွေနဲ့အတူ နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေတွေအပေါ် လိုက်နာသွားမယ်လို့လည်း ပြောထားပါတယ်။