အာဏာသိမ်း စစ်ကောင်စီဟာ ဘက်ဂျက်ငွေကို အကြောင်းပြပြီး အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို အစားအသောက်တွေ လျှော့ကျွေးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
အကျဉ်းထောင်အများစုမှာ အကျဉ်းသားတစ်ယောက်ကို စားသောက်ဖို့အတွက် ရိက္ခာသတ်မှတ်ရာမှာ တစ်ပတ်ကို နေ့၊ ည ထမင်းချိန် (၁၄)နပ်မှာ ကြက်ဥတစ်လုံး၊ နှစ်လက်မအရွယ် ငါးအသား ၃တုံးကို စုစုပေါင်း လေးနပ်စာသာပေးပြီး ကျန်တဲ့ရက်တွေမှာတော့ ထမင်းနဲ့ ပဲဟင်းအရည်ကြည်ကိုသာ အဓိကထားပြီး ကျွေးနေတယ်လို့ သိရပါတယ်။
ကျွေးမွေးတဲ့ အစားအသောက်တွေမှာ အသားရရှိမှုပမာဏ လျော့နည်းလာတာနဲ့အတူ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားသောက်ခွင့်မရတာကြောင့် အကျဉ်းသားတွေဟာ ကိုယ်ခန္ဓာချိနဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်တဲ့ (ထောင်အခေါ် တုတ်ဆွဲမှု ဖြစ်ပွားတဲ့) အရေအတွက် များပြားလာပြီး မြင်းခြံအကျဉ်းထောင်မှာဆိုရင် စုစုပေါင်း လူဦးရေရဲ့ (၁၅) ရာခိုင်နှုန်းဟာ တုတ်ဆွဲတဲ့ ဝေဒနာကို ခံစားနေရတယ်လို့ PPNM က ဆိုထားပါတယ်။

“ထောင်မှာ အသုံးစာရိတ်လျှော့ချမယ်ဆိုတာက သတင်းတွေထွက်နေတာတော့ ကြာပါပြီ။ ရန်သူကတော့ ရန်သူပီသပါတယ်။ ထောင်တွင်း အသုံးစရိတ် လျှော့ချတာကို တကယ်ပဲ လုပ်လာတယ်ပေါ့နော်… အခုနောက်ပိုင်းမှာ ထမင်း ၁၄ နပ်ကျွေးတာကိုမှ ကြက်ဥက ၁လုံး၊ တခါတလေကျရင်တော့ ၂ လက်မအရွယ် ငါးအသား ၃တုံးလောက်ကိုမှ ၄နပ်စာပေးတယ်ပေါ့နော်။ ပဲဟင်းနဲ့ ထမင်းကိုပဲ မှီခိုပြီး စားနေရတာကိုတောင် ပဲဟင်းဆို အရည်ကြည်တွေပဲ ဖြစ်လာတာပါ” လို့ PPNM တာဝန်ရှိသူက မောင်းကို ရှင်းပြပါတယ်။
အခုလို အသုံးစားရိတ်လျှော့ချရုံသာမက တချို့အကျဉ်းထောင်တွေမှာဆိုရင် အကျဉ်းသားတွေကို ထမင်းသိုးတွေ ကျွေးနေမှုတွေလည်း ရှိတယ်လို့ PPNM က ဆိုထားပါတယ်။
လတ်တလောမှာ အစားသောက်တွေကို လျှော့ကျွေးလာနေတဲ့ အကျဉ်းထောင်တွေကတော့ မိတ္ထီလာအကျဉ်းထောင်၊ အိုးဘိုအကျဉ်းထောင်၊ ပုသိမ်ကြီးလူငယ်ထိန်းသိမ်းရေးကျောင်း၊ လွိုင်ကော်အကျဉ်းထောင်၊ ပေါင်းတည်အကျဉ်းထောင်၊ ဒိုက်ဦးအကျဉ်းထောင်နဲ့ ပုသိမ်အကျဉ်းထောင် တို့ဖြစ်တယ်လို့ PPNM ကောက်ယူထားတဲ့ အချက်အလက်အရ သိရပါတယ်။