ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့က စစ်ကောင်စီရဲ့ ကြည်းတပ် တိုက်ခိုက်ရေး သင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မေလ ၁၉ ရက်၊ မနက် ၇ နာရီဝန်းကျင်အချိန်မှာ အဆိုပါ တိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့တာ ဖြစ်ပြီး ၁၀၇ မမ ၅လုံး ပစ်ခတ်ရာမှာ ၄လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်ရေးသင်တန်းကျောင်းဟာ အောက်မြန်မာပြည်က စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးကို ဦးဆောင်နေတဲ့ အရာရှိတွေကို တပ်စုမှူး၊ တပ်ခွဲမှူးနဲ့ တပ်ရင်းမှူး သင်တန်းတွေပေးကာ တိုက်ခိုက်ရေးပညာကို အဓိက သင်ကြားပေးတဲ့ တိုက်ခိုက်ရေး သင်တန်းကျောင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်ကောင်စီကို ဩဇာခံပြီး ပြည်သူလူထုကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတဲ့ စစ်ကောင်စီအရာရှိတွေကို ပြည်သူတွေကိုယ်စား တန်ပြန်တိုက်ခိုက်ဖို့အတွက် အခုလို BWM mission 38 ကို ဖော်ဆောင်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အခုမစ်ရှင်အတွင်း စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေပြီး အချိန်နဲ့တပြေးညီ ထုတ်ပြန်သွားမယ်လို့ BWM က ဆိုထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကိုတော့ BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့တို့က KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နဲ့ ပူးပေါင်းဖော်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။