ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းက အရပ်သား(၁)ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
မေလ ၁၈ ရက် မနေ့က မနက်ပိုင်းမှာ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ အရပ်သား(၁) ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ ဒရုန်း၊ လက်နက်ကြီးတွေ အသုံးပြုကာ နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ TNLA က ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က မေလ ၆ ရက်ကနေ ၃၁ ရက်ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးထားပေမယ့် TNLA ထိန်းချုပ်နယ်မြေတွေအတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း၊ ဂျက်ဖိုက်တာစတဲ့ လေကြောင်းကနေ နေ့စဉ် တိုက်ခိုက်ခြင်းတွေ ပြုလုပ်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။