စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
အဲဒီ တိုက်ခိုက်မှုကို မနေ့က မေလ ၁၈ ရက်၊ မနက် ၁ နာရီ ၄၈ မိနစ် အချိန်မှာ ဖော်ဆောင်ခဲ့တာဖြစ်ပြီး ရှော့တိုက်ဒုံး ၁၁လုံးမှာ ၈ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
တိုက်ခိုက်မှုကြောင့် လေတပ်အတွင်းက ဒရုန်းဂိုဒေါင်မီးလောင် ပျက်စီးသွားပြီး Jet Fighter – ၂စီး၊ Y-8 ၁စီးလည်း ထိခိုက်ခဲ့ကာ လေတပ်စစ်သားတွေရဲ့ နားနေဆောင် ၁လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ ၂ယောက်၊ ဗိုလ်ကြီးအဆင့်ရှိသူ ၂ယောက်နဲ့ လေအုပ်အပါအဝင် အခြားအဆင့် စစ်သည် ၆ ယောက်လည်း ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လေယာဉ်အပိုပစ္စည်းဂိုဒေါင် ၂လုံးလည်း ပျက်စီးသွားကာ လေတပ်စစ်သည် ၁၂ ယောက် ဒဏ်ရာရရှိထားတာကြောင့် မလရ ၁၃ ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
“အခုတော့ တပ်ထဲမှာ သတင်းပေါက်မှာစိုးလို့ ဖုန်းတွေ သိမ်းနေကြတယ်။ အနားဝန်းကျင်ရွာတွေဆီကိုလည်း အရပ်ဝတ်တွေနဲ့ တပ်ဖြန့်ပြီး မြေပြင်သတင်းထောက်ပြီး ထူးရင် ချက်ချင်းသတင်းပို့ဖို့ ကကလေချုပ်ကလည်း ညွှန်ကြားထားတယ်လို့ စုံစမ်းသိရှိရပါတယ်” လို့ BWM အဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့ တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
ကေတုမတီလေတပ်စခန်းအား ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့စဉ် (ဓာတ်ပုံ BWM)