ရခိုင်ပြည်နယ်ကို အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေပေးပို့မယ့် လူသားချင်းစာနာမှုစင်္ကြံနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေနဲ့ ကန့်ကွက်မှုတွေရှိနေတဲ့အကြား ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က မြန်မာနဲ့ ဘယ်ကြားခံစစ်ပွဲမှာမှ ဝင်မပါဘူးလို့ ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က ဒါကာမြို့မှာပြုလုပ်တဲ့ ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေး နှီးနှောဖလှယ်ပွဲမှာ သူက ပြောဆိုခဲ့တာပါ။
“အမေရိကန်ကိုယ်စား ကြားခံစစ်ပွဲလုပ်မယ်ဆိုရင် ဘယ်သူက သားကောင်ဖြစ်မလဲ။ တရုတ်ပဲဖြစ်မှာပေါ့။” “တရုတ်ကတောင် ဘာမှမပြောတာ ဘာလို့ တခြားနေရာတွေကနေ သတင်းမှားတွေ တက်လာရတာလဲ”လို့ ရိုဟင်ဂျာအရေးမှာ ကိုယ်စားလှယ်လည်းဖြစ်တဲ့ Khalilur က ပြောပါတယ်။
ရခိုင်မှာ စစ်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် ၂၀၂၄ ဒီဇင်ဘာမှာတော့ အာရက္ခတပ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်တဲ့ ရခိုင်ဒေသနေရာအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် မကြာမီကာလအတွင်း ရခိုင်ဒေသပြည်သူတွေအနေနဲ့ အငတ်ဘေးကြုံရမယ့် အန္တရာယ်ရှိကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။
ရာသီဥတုနဲ့ ပဋိပက္ခဘေးဒဏ်တွေကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှု ကျဆင်းလာတဲ့အတွက် ၂၀၂၅ မတ်လကနေ ဧပြီလမှာ ရခိုင်ဒေသလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ ဖြည့်တင်းပေးနိုင်မှာဖြစ်ပြီး လူပေါင်း နှစ်သန်းခန့် အငတ်ဘေးကြုံရနိုင်တယ်လို့ ခန့်မှန်း ထားတာပါ။
ဘင်္ဂလားဒေ့ရှ်ကတဆင့် ရခိုင်ကို လူသားချင်းစာနာမှု အကူအညီပေးမယ့် စိတ်ကူးကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ဒါကာခရီးစဉ်အတွင်း ဧပြီလ ၈ ရက်နေ့မှာ သူက ပထမဆုံး အဆိုတင်သွင်းခဲ့တာပါ။

အာရက္ခတပ်တော်-AA၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီအပါအဝင် အဓိကသက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးတိုင်ပင်ပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ချဉ်းကပ်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ Khalilur က ပြောပါတယ်။
သူ့ရဲ့ ပြောဆိုချက်အပြီး သုံးပတ်ခန့်အကြာမှာတော့ နိုင်ငံခြားရေးအကြံပေး Touhid Hossain က “လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံတခု” ဖွင့်လှစ်မယ့်အစီအစဉ်ကို အစိုးရအနေနဲ့ “မူအရ” သဘောတူကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ ပြောဆိုပါတယ်။
အဆိုပါစင်္ကြံစတင်မယ့် အစီအစဉ်နဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအတွင်း အတိုက်အခံတွေက ကြားဖြတ်အစိုးရကို ဆန့်ကျင်ခဲ့ကြကြောင်း သိရပါတယ်။
BNP ခေါင်းဆောင် Mirza Fakhrul Islam Alamgir က “လူသားချင်းစာနာမှုစင်္ကြံ” နဲ့ ပတ်သက်ပြီး အစိုးရရဲ့ဆုံးဖြတ်ချက်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အမှီအခိုကင်းမှုနဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လိမ့်မယ်လို့ ဆိုပါတယ်။
နိုင်ငံရေးပါတီတွေရဲ့ အတိုက်အခံပြုမှုတွေကို ရင်ဆိုင်ရချိန်မှာ အကြံပေးအရာရှိချုပ်ရုံး သတင်းထုတ်ပြန်ရေး အတွင်းဝန် Shafiqul Alam က ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ကုလသမဂ္ဂ သို့မဟုတ် အခြားသော အဖွဲ့အစည်းတွေနဲ့ “လူသားချင်း စာနာမှု စင်္ကြံ” ကိစ္စကို ဆွေးနွေးခဲ့ခြင်းမရှိဘူးလို့ ထုတ်ပြန်ပါတယ်။
ဒါကာမှာရှိတဲ့ ကုလသမဂ္ဂရုံးကတော့ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာမှု အကူအညီပေးရေး င်္စကြံတည်ဆောက်ရာမှာ ကုလသမဂ္ဂက ပါဝင်ဆောင်ရွက်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အစိုးရနှစ်ရပ်စလုံးရဲ့ ခွင့်ပြုချက် လိုအပ်မယ်လို့ ပြောပါတယ်။
သောကြာနေ့နှောင်းပိုင်းမှာတော့ Shafiqul က “ကုလသမဂ္ဂက စတင်လုပ်ဆောင်မယ်ဆိုရင် လူသားချင်းစာနာမှု စင်္ကြံကို ကျနော်တို့ သဘောတူပါတယ်၊ ကုလက ဆောင်ရွက်တဲ့အခါမှာ ဆုံးဖြတ်ချက်မချခင် မြန်မာအစိုးရနဲ့ ကျနော်တို့အပါအဝင် သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးကို တိုင်ပင်ဆွေးနွေးသွားမှာပါ” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဟာ လူသားချင်းစာနာမှုစင်္ကြံကို အကောင်အထည်ဖော်ရင်း မြန်မာပြည်မှာ ကြားခံစစ်ပွဲဝင်နွှဲလိမ့်မယ်ဆိုပြီး စိုးရိမ်မှုတွေ ရှိလာနေခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်ဟာ အမေရိကန်ကိုယ်စား ရခိုင်နဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေကို ကူညီပေးမယ်ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ပြီးခဲ့တဲ့လမှာ အိန္ဒိယသတင်းဌာနတစ်ခုကနေ ရေးသားဖော်ပြခဲ့ပြီးနောက် လူအများ သိသိသာသာ အာရုံစိုက်လာပါတယ်။
Khalilur က အဲဒီကိစ္စတွေဟာ “ကောလာဟာလတွေနဲ့ သတင်းမှားတွေ” သာဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာ့ပြည်တွင်းပဋိပက္ခထဲကို ဆွဲသွင်းခံနေရတယ်ဆိုတဲ့ အယူအဆကိုလည်း သူက ငြင်းဆန်ခဲ့ပါတယ်။
“လူသားချင်းစာနာမှုစင်္ကြံမှာ ဘယ်အဖွဲ့အစည်းနဲ့မှ သဘောတူညီမှု မရသေးပါဘူး” လို့လည်း သူက ပြောပါတယ်။
မူရင်းသတင်း – Bangladesh will not engage in proxy war with Myanmar, says Security Advisor Khalilur