ဘီးလင်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း အယောက် ၂၀ ကျော် ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေထဲက စစ်တပ်ရဲ့ မဲပလီစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။
စစ်ကောင်စီ ခန့်မှန်းအင်အား ၁၀၀ နီးပါးရှိတဲ့ မဲပလီစခန်းကို တိုက်ခိုက်မှုမှာ ဗျူဟာမှူး အပါအဝင် စစ်ကောင်စီသုံ့ပန်း ၂၀ ကျော် ဖမ်းမိခဲ့သလို ၁၂၀ မမ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

မဲပလီဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ ဦးဆောင်မှုနဲ့အတူ PDF ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နဲ့ Force for Federal Democracy (FFD) တပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မဲပလီဗျူဟာစခန်းကို မနေ့က အာဏာသိမ်း ၄ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး KNLA တပ်ဖွဲ့ဝင်တစ်ယောက်နဲ့ FFD မြေပြင်ချေမှုန်းရေး တပ်ဖွဲ့ဝင်တစ်ယောက် ဖက်ဒရယ်နိုင်ငံတော်သစ်အတွက် အသက်ပေးခဲ့တယ်လို့ FFD ကလည်း ဒီနေ့ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။


