၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအကြား ယုံကြည်မှု၊ နားလည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု သမိုင်းတလျှောက် အားအကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။  

ဦးနေဘုန်းလတ်က ဒီနေ့ ဇန်နဝါရီ ၈ရက်မှာ ပြုလုပ်တဲ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း (Press Briefing)အစီအစဥ်မှာ အခုလိုပြောခဲ့တာပါ။

“အချို့သော ပူး‌ပေါင်းဆောင်ရွက်မှုဟာ အကြောင်းကြောင်းကြောင့် လူသိရှင်ကြား ထုတ်ဖော်ပြောပြဖို့ ခက်နေသေးတာကိုလည်း ပြည်သူများ နားလည်သဘောပေါက်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။

ယုံကြည်မှု တည်ဆောက်ခြင်း၊ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် ရယူခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စတဲ့အချက်တွေကိုတော့ မြှင့်တင်သွားဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ဦးနေဘုန်းလတ်ကပြောပါတယ်။

ဒါပေမယ့် ၂၀၂၄ ခုနှစ်ဟာ သမိုင်းတလျှောက်မှာ တော်လှန်ရေးအင်အားစုတွေအကြား ယုံကြည်နားလည်စွာ ပူးပေါင်းဆောင်ရွက်မှု အားအကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးနေဘုန်းလတ်ဟာ ၂၀၂၄ ကနေ ၂၀၂၅ ကိုကူးပြောင်းစဉ် နှစ်သစ်ကူးကာလမှာ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနဲ့ သက်ဆိုင်တဲ့ ကိန်းဂဏန်းတွေကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီက နိုင်ငံတကာရဲ့ ထောက်ခံမှုရရုံသက်သက် ငြိမ်းချမ်းရေးဆိုတဲ့စကားကို အယောင်ပြပြောဆိုနေပြီး တကယ်တမ်းလက်တွေ့မှာ သူတို့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ပစ်မှတ်ထားသတ်ဖြတ်နေဆဲပဲဆိုတာ ပေါ်လွင်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဘယ်သူကမှ ထောက်ခံပါဝင်ခြင်းမပြုလုပ်ဖို့၊ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးအရ ရပ်တည်ဖို့ တောင်းဆိုပြောကြားလိုက်ပါတယ်။ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ ချမှတ်ထားတဲ့ နိုင်ငံရေးဘုံသဘောထားတွေအရလည်း တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းကို ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အဲဒီဘုံသဘောထား ၆ ချက်အရ စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး နိုင်ငံရေးမှာ ပါဝင်နေမှုကို အဆုံးသတ်ဖို့၊ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရေးတို့ အဓိကပါဝင်တယ်လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က တောင်းဆိုတဲ့ နိုင်ငံရေးဦးတည်ချက် ၆ ချက်ကို လက်ခံမယ်ဆိုရင် စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပြီး အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်တွေအတွက် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးလှုပ်ရှားနေသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားများ ကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 - အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းတွေမှာ တပြိုင်တည်း ကျင်းပခဲ့တယ်လို့ ဒီနေ့မှာ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရင် စစ်ကောင်စီရဲ့ ခွင့်ပြုချက်လိုအပ်ဟု စိုးဝင်း ပြော

ငလျင်အတွက် ကယ်ဆယ်ရေးအဖွဲ့တွေအားလုံး စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရမှာသာ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ဘေလီတံတားပေါ်မှ လက်ချင်းကြိုးချည် ခုန်ချသွားသည့် စုံတွဲရုပ်အလောင်းကို လက်ချင်းချည်လျက် ပြန်လည်တွေ့ရှိ

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နဘ် ဘေလီတံတားပေါ်ကနေ အချင်းချင်း လက်ကိုကြိုးနဲ့ချည်ပြီး ခုန်ချသွားတဲ့ စုံတွဲရဲ့ ရုပ်အလောင်းတွေကို လက်ချင်းချည်လျက်ပဲ ဒီနေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ရုပ်အလောင်းတွေ သွားရောက်သယ်ဆောင်ခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းထံက သိရပါတယ်။
Read More

မြောက်ဦးကို စစ်ကော်မရှင် လေကြောင်းတိုက်လို့ မိသားစုဝင် ၆ ဦးအပါ ၁၂ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ MSFC ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFC’s Anti-Sham Election Committee) ကနေ ထုတ်ပြန်လိုက်ပါတယ်။
Read More

လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအပါအဝင် တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များကို ABSDF ဗဟိုစစ်ကော်မရှင်နှင့် PRA (မကွေး) ဗဟိုကော်မတီတို့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်တွေနဲ့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ဥက္ကဌ ရဲဘော် နေမွန် ဦးဆောင်တဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တို့အကြား ပထမအကြိမ် တွေ့ဆုံမှုကို အွန်လိုင်းကတစ်ဆင့် မေ ၂၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဖွဲ့အစည်း ၂ ခုက ပူးတွဲသတင်းထုတ်ပြန်ထားပါတယ်။