မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ (၃၀) ရက် နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်က ကြသောင်းဆိပ် အနောက်ရွာနဲ့ ပျဉ်းမပင်ဆိပ် အနောက်ရွာကြား ထို့ကော့နော်ဘော နေရာကို ဗုံး (၃) လုံးနဲ့ စစ်သေနတ်တွေ ပစ်ခတ်ခဲ့တာပါ။
၁၀ မိနစ်ခန့်ကြာပြီးနောက် နို့ဘယ်ဘော ရွာအတီး ထီးညဆားထ နေရာကို ဗုံး (၃) လုံးကြဲချခဲ့သလို သဲဖြူချောင်း(ထီးကျီးခံ)ရွာ ကျော်ပတဲကုန်း တောထဲကိုပါ ဗုံး (၃) လုံး၊ စက်သေနတ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ မထိခိုက်ခဲ့ပေမယ့် လေကြောင်း တိုက်ခိုက်မှု ခံခဲ့ရတဲ့ နေရာတွေရဲ့ အနီးအနား နေထိုင်တဲ့ ပြည်သူတွေဟာ ထိန့်လန့်ကြောက်ရွံ့တာကြောင့် ဘေးလွတ်ရာနေရာဒေသတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ် ကြဲချခဲ့တဲ့ ဗုံးသီးအခွံတွေနဲ့ ထိခိုက်မှုများ (ဓာတ်ပုံ KNU)




