မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ နှစ်သစ်ကူးညပိုင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သားကျင်ကျေးရွာနေ မိသားစုဝင် ၅ ယောက် သေဆုံးကာ အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၆ ယောက်အထိ ရှိခဲ့ကြောင်း သိရပါတယ်။
သေဆုံးသွားတဲ့ မိသားစုဝင် ၅ယောက်ထဲမှာ ၂ယောက်သာ အလောင်းပြန်ရပြီး ကျန်တဲ့ ၃ယောက်က မမှတ်မိတော့လောက်အောင် သေဆုံးပျက်စီးသွားကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပြပါတယ်။
ဒီဇင်ဘာလ ၃၁ရက်၊ မနေ့ည ၈နာရီခွဲနဲ့ ၁၀ နာရီခွဲအချိန်တွေမှာ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာနဲ့ ရွာအနီးပတ်ဝန်းကျင်တွေကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၁ကြိမ်၊ စက်တပ် လေထီးနဲ့ ၂ကြိမ် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
“မိသားစုဝင် ၇ ယောက်ရှိတဲ့ အိမ်ပေါ်ကို ဗုံးသီးကျတာ ၅ ယောက် သေတယ်လို့ သိရတယ်ဗျ။ သေတဲ့သူ ၅ ယောက်မှာ ၂ ယောက်ပဲ အလောင်းရတယ်ပေါ့။ ကျန်တဲ့ ၃ ယောက်က ဘယ်သူဘယ်ဝါဆိုတာတောင် ဖော်လို့မရအောင်ကို ပျက်စီးသွားတယ်လို့ ပြောကြတယ်။ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာမှာ ထိသွားတာလို့ ထင်ပါတယ်” လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကို ပြောပါတယ်။
သေဆုံးထိခိုက်ဒဏ်ရာရသူတွေအပြင် သားကျင်ရွာအတွင်းက နေအိမ် ၉ လုံး ထိခိုက်ပျက်စီးပြီး မွေးထားတဲ့ နွား၈ကောင်လည်း သေဆုံးခဲ့တယ်လို့သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကလည်း သားကျင်ရွာကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ လူနေအိမ် ၅ လုံး ထိခိုက်ပျက်စီးပြီး တော်လှန်ရေးရဲဘော် ၂ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
ငါန်းဇွန်မြို့နည်းတူ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုတ်ကျေးရွာကို ဒီဇင်ဘာ ၃၁ရက် မနေ့က နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့လို့ အရပ်သား၅ယောက်သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာလ ၃၁ရက် ညက ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့စဥ် (ဓာတ်ပုံ CJ)








