အုပ်ချုပ်သူအစိုးရ၊ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့စားရေးမှာ ဖူလုံမှုရှိစေရေးကို ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်ပြီး လူသားတွေရဲ့နေ့စဉ်ဘ၀မှာ စားရေးဟာ အဓိကအရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တွံတေးမြို့မှာ မွေးမြူရေးလုပ်ငန်းတွေကို သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့တာပါ။
အုပ်ချုပ်သူအစိုးရတာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့စားရေးမှာ ဖူလုံမှုရှိစေရေး၊ အခြေခံစားကုန်တွေ ဈေးနှုန်းသက်သာစွာ ရရှိရေး၊ ပတ်ဝန်းကျင်ကောင်း ရရှိစေရေး ဖြေရှင်းဆောင်ရွက်ပေးရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
မြေပြင်မှာ ကုန်စျေးနှုန်းတွေကြီးမြင့်နေပြီး ပြည်သူတွေ အတိဒုက္ခရောက်နေတဲ့ အခြေအနေမှာ မင်းအောင်လှိုင်က စားဝတ်နေရေးကို ဖူလုံအောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ကိန်းဂဏန်းအချက်အလက်တွေအရ အောင်မြင်မှုရရှိနေတာ၊ အထွက်နှုန်းကောင်းနေတာကို ကျေနပ်နေလို့မရဘဲ လက်တွေ့မြေပြင်မှာ အမှန်တကယ်အောင်မြင်မှုရရှိဖို့လိုတယ်လို့လည်း မင်းအောင်လှိုင်က ပြောခဲ့ပါသေးတယ်။
