မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက် စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန) အရာရှိတွေက ခိုးဆိုးလုနှိုက်တွေကို ဓားပြမှုတွေ ကျူးလွန်ခိုင်းပြီး PDF တွေ လုပ်သယောင် ဝါဒဖြန့်နေကြကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုဇီးက မောင်းကိုပြောပါတယ်။
သုံးလုံးအရာရှိတွေနဲ့ပေါင်းပြီး ဓားပြမှုတွေ ကျူးလွန်ထားတဲ့ တရားခံ ၁ယောက်ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ညောင်ဦးမြို့နယ် ပကဖထံက သိရပါတယ်။
ဖမ်းဆီးရမိထားသူဟာ သြဂုတ်လ ၁၃ရက်နေ့က ညောင်ဦးမြို့နယ်၊ ကကျဲကျေးရွာမှာ တိုက်ခဲ့တဲ့ ဓားပြမှုအပါအဝင် မြို့ပေါ် ရွှေဆိုင်ဓားပြမှုတွေမှာပါဝင်ခဲ့ကြောင်း ထွက်ဆိုထားတယ်လို့ ကိုဇီးက ပြောပါတယ်။
“ညောင်ဦးမှာ ဓားပြမှုတွေ ခဏခဏဖြစ်လွန်းလို့ ကျနော်တို့ လိုက်နေတာ လွန်ခဲ့တဲ့ ၂လ လောက်ကတည်းကပါ။ အခုဖမ်းမိတယ်ဆိုတာကလည်း ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု၊ သတင်းပေးမှုတွေကြောင့်ပါပါတယ်။ ဖမ်းမိတဲ့ကောင်က ကကျဲရွာက လှယမင်းပါ။ ကကျဲရွာက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို ဝင်တိုက်ခဲ့တယ်လို့ သူထွက်ဆိုထားတယ်။ မြို့ပေါ် ရွှေဆိုင်ကိုတိုက်တုန်းကလည်း ပါတယ်တဲ့။ သူတို့လို ခိုးဆိုးလုနှိုက်တွေကို စသုံးလုံးကောင်တွေက ခိုင်းတယ်။ သူတို့က လုပ်ပေးတယ်။ ပြီးရင် PDF တွေက လုပ်ပါတယ် ဆိုပြီ လွှဲချတယ်။” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုဇီးက မောင်းကိုပြောပါတယ်။
စစ်ကောက်စီအာဏာသိမ်းပြီးချိန်ကစလို့ ညောင်ဦးမြို့နယ်အတွင်း ဓားပြမှုပေါင်း ၁၀မှုထက်မနည်း ရှိခဲ့ပြီး အမှုတိုင်းမှာ စစ်ကောင်စီရဲ့ စသုံးလုံးအရာရှိတွေ ပါဝင်ပက်သက်နေတယ်လို့ သိရပါတယ်။
“ဒါတွေ အားလုံးကို စသုံးလုံးကောင်တွေရယ်..လမ်းဘေးတေလေဂျပိုးတွေရယ် ပေါင်းလုပ်ပြီး ကျနော်တို့ PDF တွေ လုပ်ပါတယ် ဆိုပြီး လွှဲချကြတယ်ပေါ့။ တော်လှန်ရေးသမားတွေ ပုံရိပ်လည်းကျတယ်။ သူတို့လည်း ငွေရှာကောင်းတယ်ပေါ့။ ကျနော်တို့ ပကဖအနေနဲ့ကတော့ မြို့နယ်ထဲမှာ နောက်ထပ် ဓားပြမှုတွေ ပြန်ပေးမှုတွေ မဖြစ်အောင် စီစဥ်ဆောင်ရွက်နေပါတယ်။ စကစဘက်က မဖမ်းနိုင်တာတွေလည်း ဖမ်းမှာပါ။ ရာဇဝတ်မှုတွေ ထိန်းမရဘူးရယ်လို့တော့ မရှိပါဘူး။” လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ) တာဝန်ရှိသူ ကိုဇီးက ပြောပါတယ်။
ညောင်ဦးမြို့နည်းတူ မြင်းခြံ နဲ့နွားထိုးကြီးမြို့နယ်တွေမှာလည်း စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေ၊ စစ်တပ်နဲ့ ရဲတွေက မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းမှာ ခရီးသွားကားတွေကို ဓားပြတိုက်လုယက်တာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ မုံရွာ ၊ ရေစကြိုနဲ့ မန္တလေးမြို့ကြီးတွေမှာ တရားဥပဒေစိုးမိုးမှုမရှိတော့တဲ့အတွက် ရွှေဆိုင် လုယက်မှုတွေနဲ့ ဓားပြမှုတွေဆက်တိုက်ဆိုသလို ဖြစ်လာပြီး စစ်အုပ်စုက အယောင်ပြဖမ်းဆီးနိုင်တာမျိုးတွေသာ ရှိပါတော့တယ်။
ပုံစာ – ညောင်ဦးမြို့နယ်ပကဖ ဖမ်းဆီးရမိထားတဲ့ ဓားပြမှုတရားခံ လှယမင်း
