ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းသင်္ဘော ၃ စင်းကို စစ်ကောင်စီရေတပ်သင်္ဘောက စနေနေ့အစောပိုင်းမှာ ပစ်ခတ်ခဲ့ရာက သင်္ဘောသားတစ်ဦး သေဆုံးပြီး ၃၁ ဦးကို ဖမ်းဆီးခံခဲ့ရပါတယ်။
ထိုင်းစက်လှေတွေဟာ ကော့ဖရမ် အနောက်ဘက် ကီလို ၂၀ အကွာမှာ ငါးဖမ်းနေကြတာဖြစ်ပြီး မြန်မာစစ်သင်္ဘောတွေ ချဉ်းကပ်လာချိန်မှာတော့ ၎င်းတို့ပိုက်တွေကိုဖြတ်ပြီး အရှိန်မြှင့်တင် မောင်းပြေးခဲ့ကြတာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒေသအာဏာပိုင်တွေရဲ့ ကနဦး သတင်းအရ “ရနောင်း ၃၃၃” နဲ့ “ချရွန်ချိုင် ၈” လို့ခေါ်တဲ့ ထိုင်းငါးဖမ်းစက်လှေ နှစ်စင်းကို မြန်မာရေပိုင်နက်အတွင်း သယ်ဆောင်သွားကြောင်း သိရပြီး “မဟာလတ်သန္နဝပ် ၄” လို့ခေါ်တဲ့ စက်လှေက သင်္ဘောသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
၎င်းတို့ထဲက တဦးဟာ မြန်မာရေတပ်ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာရခဲ့တာဖြစ်ပြီး ကျန်တဦးကတော့ တိုက်ခိုက်မှုအတွင်း ဓာတ်လိုက်ခံရတာဖြစ်ပါတယ်။
ကော့ဖရမ်အနီး စခန်းချထားတဲ့ ထိုင်းကင်းလှည့်ရေယာဉ် T.274 ဟာ အခင်းနေရာကို သွားရောက်ခဲ့ပြီး ဒဏ်ရာရသူတွေကို ရနောင်းမြို့ဆီသယ်ဆောင်လာကာ နံနက် ၃ နာရီခွဲမှာ ဆိပ်ခံတံတားကို ရောက်ရှိခဲ့ပါတယ်။
“ရနောင်း ၃၃၃” က သင်္ဘောသားတွေဟာ သေနတ်ပစ်ခတ်မှုကြောင့် သင်္ဘောပေါ်ကနေ ခုန်ခင်းခဲ့ရာမှာ တဦးရေနစ်သေဆုံးခဲ့ပါတယ်။
လက်ရှိအချိန်အထိ ထိုင်း ၄ ဦးနဲ့ မြန်မာ ၂၇ ဦး ပါဝင်တဲ့ သင်္ဘောသား ၃၁ ဦးကို စစ်ကောင်စ်ီအာဏာပိုင်တွေက ဖမ်းဆီးထားပြီး Yan Cheuk ကျွန်းကို ခေါ်ဆောင်သွားတယ်လို့ ယူဆရပါတယ်။
ထိုင်း-မြန်မာနယ်စပ် ငါးဖမ်းလုပ်ငန်း ညှိနှိုင်းရေးဗဟို (SEA) အနေနဲ့ ထိုင်း-မြန်မာနယ်စပ် ကော်မတီနဲ့ ပူးပေါင်းပြီး ထိုင်းရေပိုင်နက်အတွင်း စစ်ကောင်စီရေတပ်ကင်းလှည့်ယာဉ်တွေ ကျူးကျော်ဝင်ရောက်မှုနဲ့ နောက်ဆက်တွဲ ထိုင်းစက်လှေတွေကို ဖမ်းဆီးသွားမှုကို တရားဝင်ကန့်ကွက်ဖို့ လုပ်ဆောင်နေပြီး ဖမ်းဆီးခံထားရတဲ့ ငါးဖမ်းသမားတွေ လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။
News- TheNation
