ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ သေတဲ့ အကြမ်းဖက်စစ်သားအလောင်းတွေကို ရွှေမြင်တင် မီးသဂြိုလ်စက်မှာ တိတ်တဆိတ် လာရောက်သဂြိုလ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးတဲ့ စစ်သားအလောင်းတွေကို လူမသိသူမသိ ဘဲ အကြမ်းဖက်စစ်တပ်က ဇနီးမယားတွေနဲ့ အရာရှိတချို့က ပြုလုပ်ပေးနေတာဖြစ်ပြီး သေဆုံးစစ်သားအများစုဟာ ရခိုင်စစ်မျက်နှာကနေ ဒဏ်ရာရရှိပြီး ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ထဲ ဆေးကုသမှုခံယူနေသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
“နိုဝင်ဘာလ ၂၈ရက် မနေ့ကဆိုရင် အိမ်စီးကား ၅စီး ၊ တာလဘက်အုပ်ထားတဲ့ စစ်ကား၁စီး၊ စစ်သားမယားတွေလို့ယူဆရတဲ့ မိန်းမတွေ သီးသန့်စီးတဲ့ကား ၂စီးနဲ့ အကြမ်းဖက်စစ်တပ်က မီးလာသဂြိုလ်သွားတာတွေ့ရတယ်။ ပုံစံကြည့်ရတာတော့ အရာရှိထဲက ဖြစ်လောက်တယ်။ ဘယ်နှလောင်း လာသဂြိုလ်လဲတော့ မသိဘူး” လို့ စစ်တပ်နဲ့နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်နဲ့ ကရင်နီဒေသတွေဆီ ဧရာဝတီတိုင်းထဲက မြို့နယ်မှာ အခြေစိုက်တဲ့တပ်တွေကို ပို့ဆောင်ပေးနေပြီး ရှေ့တန်းစစ်မျက်နှာမှာ သေဆုံးတာ၊ ထွက်ပြေးတာ၊ အညံ့ခံတာတွေ ကြားသိနေရသလို ဒဏ်ရာရသူတွေကိုတော့တိုင်းစစ်ဌာနချုပ်ထဲမှာပဲ ဆေးကုသပေးနေကြောင်း သိရပါတယ်။
“သေတာတောင် ခိုးချောင်ခိုးဝှက် သဂြိုလ်ခံနေကြရပြီ။ ပရိတ်တရားနာတာတွေ ဘာတွေတောင် မလုပ်တော့ဘူး။ လူမမြင်အောင် နာရေးချသလိုမဟုတ်ဘဲ ခိုးချောင်ခိုးဝှက် မသာချနေကြရပြီ မနေ့က ချတဲ့သူကတော့ အရာရှိအကြီးအကဲ ဖြစ်ပုံရတယ်။ တစ်ယောက်တည်းတော့ မကလောက်ဘူး”လို့လည်း အထက်ပါဒေသခံက ဆက်ပြောပါတယ်။
နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အမ်းဒေသ တိုက်ပွဲအတွင်း ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် ခဘရ ၁၁ တပ်ရင်းနဲ့ ဓနုဖြူအခြေစိုက် ခမရ ၁၀၈ တပ်ရင်းတို့က ဗိုလ်မှူးနဲ့ဗိုလ်ကြီးရာထူးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၈ယောက် ထွက်ပြေးသွားလို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ် လို့ သိရပါတယ်။
ပုံစာ – ရွှေမြင်တင်သဂြိုလ်စက်မှာ လာရောက်သဂြိုလ်နေတဲ့ စစ်ကောင်စီတပ်သားများ
