မကွေးတိုင်း ၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် ညအိပ်စခန်းချနေချိန် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က စစ်သား ၃၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာ ၊ ငှက်ပျင်းကျေးရွာ၊ မြောက်ပြင်ကျေးရွာနဲ့ ကြိုးဝကျေးရွာတွေကို နိုဝင်ဘာ ၁၈ ရက်မှာ စတင် စစ်ကြောင်းထိုးနေခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၁၂ (သရက်)၊ ကပစ ၁၈ (တောင်တွင်းကြီး) ၊ ခလရ ၄၄ (သရက်)၊ တပ်မ ၈၈ (မကွေး) နဲ့ မင်းတုန်းမြို့နယ် ပျူခေါင်းဆောင် ဖိုးပြားတပည့် ပျူ (၅) ယောက်အပါ အင်အား (၁၀၀)ခန့် စစ်ကြောင်းရဲ့ ကြိုးဝကျေးရွာအနီး သူတို့ ညအိပ်စခန်းချရာနေရာကို နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ချိန် မိနစ် (၄၀) ခန့်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား (၃၀) ခန့် ကျဆုံးပြီး ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကြောင်းပျက်ကာ ကစဉ့်ကလျား ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
“သူတို့ (စစ်တပ်) က လက်နက်ကြီးအထိုင်ချထားတဲ့ မင်းတုန်းမြို့အဝင် ငါးမိုင်ဂိတ်နဲ့ ၅မိုင်အကွာ ကြိုးဝရွာ ပတ်ဝန်းကျင်မှာ စခန်းချတပ်စွဲနေတယ်ပေါ့။ အဲ့ဒါ ကျနော်တို့က ၂၆ရက်နေ့ မနက်၆နာရီမှာ အလစ်အငိုက် ဝင်တိုက်ခဲ့တာပေါ့နော်။ ကျနော်တို့ လက်ဦးမှုရယူနိုင်ခဲ့တော့ သူတို့ ချက်ချင်းမတုံ့ပြန်နိုင်ဘဲ ဖရိုဖရဲဖြစ်သွားတယ်ပေါ့။ တပ်စု ၁စုစာလောက် သေပြီး ကျန်တဲ့သူတွေလည်း ကစဉ့်ကလျားနဲ့ ထွက်ပြေးကုန်ကြတယ်ပေါ့။ သူတို့ညအိပ်စခန်းချရာအထိ ဝင်ရောက်နိုင်ခဲ့ပေမယ့် လက်နက်ကြီးပစ်ကူပေးတဲ့ ငါးမိုင်ဂိတ်နဲ့ နီးတာရယ် စစ်ကူတွေရောက်လာနိုင်တာရယ်ကြောင့် ရတဲ့လက်နက်တွေကောက်ပြီး ချက်ချင်းပြန်ဆုတ်ခဲ့တာပါ။ ကျနော်တို့တပ်ခွဲမှူးနဲ့ ရဲဘော် ၁ဦးကတော့ ပေါင်ကို ဗုံးစမှန်(မစိုးရိမ်ရ) တဲ့ ဒဏ်ရာရခဲ့ပါတယ်” လို့ သရက်ခရိုင် အမှတ် ၄တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ဆီက MA1 (၃) လက်၊ MA3(၄)လက်၊ ၄၀မမ ဗုံးပစ်လောင်ချာ(၁)လက်၊ MA15 ငါးကြင်းမြှီးစက်လက် (၁) လက်၊ ၆၀ မမ စိန်ပြောင်း(၁)လက်၊ ကင်းထောက်ဒရုန်း(၁)စီး၊ တိုက်ခိုက်ရေးဒရုန်း(၁)စီး နဲ့ MA ကျည် (၁၈၀၀) တောင့်၊ ငါးကြင်းမြှီး ကျည် (၄၅၀)တောင့်၊ ၆၀ မမ ဗုံးသီး (၇)လုံး တို့နဲ့အတူ ဒေသခံတွေဆီက ခိုးယူထားတဲ့ ရွှေလက်ကောက် (၃) ကွင်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကပစ ၁၈ (တောင်တွင်းကြီး) က တပ်ကြပ်အဆင့် စစ်သုံ့ပန်း (၁) ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဒီစစ်ဆင်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်-၁ စစ်ဒေသ မကွေးတိုင်း၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ တပ်ခွဲ(၁)နဲ့တပ်ခွဲ(၃)တို့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
