မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်မှာ ငါးသရောက်မြို့က စစ်ကောင်စီရဲ့ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်/ဆက်ရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း Popa Guerrilla Force (PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၂၅ရက် မနေ့က မနက်အစောပိုင်းမှာ ညောင်ဦးမြို့နယ်၊ ငါးသရောက်မြို့နယ်ခွဲက စစ်အုပ်စုတွေရှိရာ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“ပစ်ခတ်မှုတွေဖြစ်ခဲ့ပေမယ့် တိုက်ပွဲပုံစံလိုမျိုးတော့ မဟုတ်ဘူးဗျ။ ရဲတွေက ကျနော်တို့ လျှပ်စစ်ရုံးကို ဝင်ပစ်တော့ ကင်းပုန်းပုံစံရှိနေရာကနေ ရဲစခန်းထဲ ဝင်ပြေးပါတယ်။ ရဲစခန်းနဲ့ လျှပ်စစ်ရုံးက မီတာ ၅၀၀ ကျော်ကျော်လောက်ပဲ ရှိမယ်ဗျ။ အဲ့ရဲစခန်းထဲက စစ်အုပ်စုတွေနဲ့ အတူ အပြင်ကိုထွက်မလာရဲဘဲ သေနတ်ပစ် ဖောက်ကြတယ်ပေါ့။” လို့ Popa Guerrilla Forcr ( PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
အဲ့ဒီနောက်မှာ တော်လှန်ရေးတပ်တွေက စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေ၊ ခံစစ်တည်ဆောက်ထားတဲ့ တိုက်တန်း အိမ်ယာတွေကို ဖြိုဖျက်နိုင်ခဲ့ပြီး စာရွက်စာတမ်းတွေကိုလည်း မီးရှို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုထောက်ခံတဲ့ ချန်နယ်တွေမှာတော့ နိုဝင်ဘာ ၂၅ရက် မနေ့ကမနက်ပိုင်းမှာ ငါးသရောက်နယ်မြေရဲစခန်းကို PDF တပ်တွေက တောပြားကျေးရွာဘက်ကနေ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းနဲ့ ဌာနဆိုင်ရာရုံးတွေ ပျက်စီးခဲ့ရကြောင်း ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို Popa Guerrila Force (PGF)နဲ့အတူ ညောင်ဦးမြို့နယ် ပကဖ(ပုဂံပြည်ဘီလူးတပ်)၊ တောင်သာမြို့နယ်ပကဖ၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ မြင်းခြံ ခရိုင်တပ်ရင်း ၃ ၊ 21 Bagan (ညောင်ဦးမြို့နယ်ပကဖ တပ်ခွဲ ၃) နဲ့ ဗိုလ်လက်ယာ (မြိုင်) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပုံစာ – တိုက်ပွဲအတွင်း Popa Guerrilla Force (PGF) တပ်ဖွဲ့ဝင်တစ်ယောက်ကို တွေ့ရစဥ်
