ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ်အာရှလမ်းပိုင်း ဒေါနတောင်ပေါ်မှာ ရှိတဲ့ တောနော် အနီးတဝိုက်မှာ တကြော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
နိုဝင်ဘာလ ပထမအပတ်ကတည်းက အကြမ်းဖက်စစ်တပ်က ကော့ကရိတ်အာရှလမ်းပိုင်းမှာ စစ်ရေးလှုပ်ရှားမှု့တွေ ပြုလုပ်လာတာဖြစ်ပြီး ကော့ကရိတ်မြို့နဲ့အနီးတဝိုက်မှာ တကြော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာနေတာဖြစ်တယ်လို့ သိရပါတယ်။
“ဒီရက်ထဲ နေ့ရောညရော ပစ်ခတ်သံတွေကြားနေရတာ၊ နိုဝင်ဘာလ ၂၃ ရက်နေ့မနက်ပိုင်းရော ညပိုင်းမှာပါ အကြမ်းစစ်တပ်စစ်ကြောင်းနဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်နေတာ”လို့ ရှေ့တန်းစခန်း ပိတ်ဆို့တာဝန်ယူနေရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“တိုက်ပွဲ ဖြစ်ပြီဆိုတာနဲ့ အကြမ်းဖက်စစ်တပ်က လေယာဥ် ဒါမှမဟုတ် ဒရုန်းတွေအသုံးပြုပြီး ဗုံးကြဲချနေတာတွေရှိတယ်၊ နိုဝင်ဘာလ ၂၃ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ တောနော်အနီးမှာတော့ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်”လို့ အဲ့ဒီတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
တကြော့ပြန်ဖြစ်ပွားလာတဲ့တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထုက စိုးရိမ်ကြောက်လန့် စိတ်တွေရှိနေပြီး တိုက်ပွဲတွေကြောင့် ဒေသခံအချို့ဟာ ကျေးရွာအတွင်း မနေရဲတော့ဘဲ ဘေးလွတ်ရာနေရာတွေကို စတင်ပြောင်းရွှေ့နေတာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ – အာရှလမ်းပိုင်းမှာ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်နေတဲ့ ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်တွေနဲ့ သိမ်းပိုက်ရရှိခဲ့တဲ့ သံချပ်ကာယာဥ် (ပုံဟောင်း)
ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း
