ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနက ဦးဆောင်ပြီး ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနားကို နိုဝင်ဘာလ (၂၁) ရက်မှာ ကျေးရွာတွေနဲ့ ဌာနတွေက စုစုပေါင်း လူဦးရေ (၁၂၀) ဝန်းကျင်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီအခမ်းအနားကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ငါးလုပ်ငန်းဆိုင်ရာဗဟုသုတ၊ ရိုးရာဓလေ့ငါးဖမ်းခြင်းနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေကို ပိုမိုသိရှိစေဖို့၊ လူထုနဲ့ဌာနတွေအနေနဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနကို ပိုမိုသိရှိလာစေဖို့၊ ဌာနလုပ်ငန်းတွေကို ချပြပြီး ဌာနတွေ အချင်းချင်းရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဌာနနဲ့ လူထုပူးပေါင်း ဆောင်ရွက်မှုတို့ အားကောင်းလာစေဖို့တို့ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီအခမ်းအနားကို KNU ရဲ့ ခရိုင်ဥက္ကဋ္ဌ ပဒိုစောလစ္စတန်နဲ့ ဗဟို မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနမှူး ပဒိုမန်းကနေဒီ တို့ တက်ရောက်အားပေးပြီး ကော်သူးလေမွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန (နို့တကော၊ ဝင်းရေး၊ ကော့ကရိတ်၊ ခရိုင်)၊ ကရင်လူငယ်အစည်းအရုံး (KYO)၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ကရင်သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးရာဆိုင်ရာလှုပ်ရှားမှုကွန်ရက် (KESAN)၊သစ်တောဌာန၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဌာန၊ လယ်ယာဌာန၊ ကျန်းမာရေးဌာန၊ ကရင်အမျိုးသား ရဲတပ်ဖွဲ့ (KNPF)၊ ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာ ကော်မတီ (CIDKP)၊ ကော်သူးလေအလုပ်သမား သမဂ္ဂ (FTUK) ၊ ဒေသနဲ့ကျေးရွာ အုပ်စုမှူး၊ ဥက္ကဋ္ဌတွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။