စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ စစ်ကြောင်းဝင်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်ကစလို့ ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးတာ ၊ လေကြောင်းတိုက်ခိုက်တာ ၊ ဒရုန်းနဲ့ ဗုံးကြဲတာ၊ ဟောင်ဝစ်ဇာ ပစ်ခတ်တာတွေနဲ့ ပြည်သူပိုင်ပစ္စည်းခိုးယူသယ်ဆောင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက် မနက်အစောပိုင်းမှာ ကျွန်းလှမြို့ကနေ ထွက်ခွာလာတဲ့ အင်အား ၂၀၀ ပါ စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေဟာ ကံပေါက်ရွာကိုဝင်ရောက်ရင်း ကံပေါက်ရွာကတဆင့် ကုက္ကိုကုန်းရွာကို ဒရုန်းတွေ ပစ်ခတ်တိုက်ခိုက်ပြီး စတင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုတွေက ကုက္ကိုကုန်းရွာ တိုက်နယ်ဆေးရုံထဲ အထိုင်ချတပ်စွဲရင်း အဲ့ဒီနေ့ မွန်းလွဲပိုင်းမှာပဲ ကုက္ကိုကုန်းရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးအနားကျေးရွာတွေဆီ ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးတွေ ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၂၁ နဲ့ ၂၂ ရက်တွေမှာလည်း မဒေါင်၊ လွှတ်တိုက်၊ ဆွဲလှဲစတဲ့ ရွာ ၃ ရွာကို စစ်အုပ်စုတွေ ထပ်မံမီးရှို့ခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုတွေဟာ မီးရှို့ဖျက်ဆီးရုံတင်အားမရပဲ တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်လုပ်ဆောင်ခဲ့တယ်လို့လည်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောပါတယ်။
” စစ်ကြောင်းထိုးခဲ့တဲ့ ၃ ရက်တာအတွင်း စစ်ကောင်စီကရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းကနေ ပစ်ကူတာတွေအပြင် လက်နက်ကြီး ဟောင်ဝစ်ဇာတွေနဲ့ ပါပစ်ခတ်ခဲ့ပါတယ်။ လက်ရှိလည်း စစ်ကြောင်းက ကုက္ကိုကုန်းရွာမှာပဲရှိပါသေးတယ်” လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုတွေရဲ့ မြေပြင် ဝေဟင်အန္တရာယ်တွေကြောင့် ကျွန်းလှမြို့နယ်အတွင်းက တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ နဲ့ ကန့်ဘလူမြို့နယ်အတွင်းက လက်ခုပ်ပင်ရွာအပါအဝင် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
ပုံစာ – ကျွန်းလှမြို့နယ်အတွင်းက မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်များ (ပုံဟောင်း)