ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ် (၁) လုံးနဲ့ ဆိုင်ကယ် (၁) စီးတို့ ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
မူးမြို့နယ်မှာ နိုဝင်ဘာလ (၂၀) ရက်နေ့ နေ့လည်ပိုင်းက နတ်သံကွင်းမှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး (၁၇) လုံး ပစ်ခတ်ခဲ့ရာ ယဉ်လှည်းရွာအတွင်း (၅) လုံး၊ ရွာကြီးအင်းနဲ့ တောင်ဆူးကြားမှာ (၃) လုံး၊ သဲကုန်းမှာ (၃) လုံး၊ အညောင်းဆူးနဲ့ ငနွားဆင်ကျေးရွာကြားမှာ (၅) လုံး ၊ အနောက်ဝက်တူးမှာ (၁) လုံး ကျရောက်ပေါက်ကွဲခဲ့ရာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အနောက် ဝက်တူး ရွာနေ (၄၂) နှစ်အရွယ်နဲ့ (၅၁) နှစ်အရွယ် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ပါတယ်။
ဒါ့အပြင် ကွင်းချောင်းဝမှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ ဟော်ခို့ဂေါ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဲ့ဒီကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ သေဂေလူရွာက (၂၇) နှစ်အရွယ် အမျိုးသမီးနဲ့ ယဉ်လှည်းရွာက (၂၃) နှစ်အရွယ် အမျိုးသားတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆိုင်ကယ် (၁) စီးနဲ့ ဟော်ခို့ဝေါ်ကျေးရွာက နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် အကြမ်းဖက် စစ်ကောင်စီတပ်က ရွာကြီးအင်း ကျေးရွာနေ (၄၅) နှစ်အရွယ် အမျိုးသားနဲ့ နို့ကလော်ကျေးရွာနေ (၃၃) နှစ်အရွယ်အမျိုးသားတို့ကို နိုဝင်လာလ (၂၀) ရက်နေ့ နေ့လည်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ကျောက်ကြီးရဲစခန်းဆီ ပို့ဆောင်ကာ ဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့ KNU က ဆိုပါတယ်။
နိုဝင်ဘာလ (၂၁) ရက် မနက်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၃၅၁ နဲ့ ခလရ−၆၀ ပူးပေါင်းတပ်တွေက လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ တောင်းဆူးကျေးရွာ အတွင်း (၁) လုံးနဲ့ စော်ဘောကုန်း ကျေးရွာမှာ (၁) လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ − အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးရမှုများ…